spot_img
17.1 C
Loikaw
Wednesday 3, December 2025
spot_img
Homeသတင်းလူသားချင်းစာနာထောက်ထားမှုအဖြစ် ထိုင်းတောင်ပိုင်းရေဘေးအတွက် ပါဝင်လှူဒါန်းခြင်းဖြစ်ကြောင်း KNPP ပြော

လူသားချင်းစာနာထောက်ထားမှုအဖြစ် ထိုင်းတောင်ပိုင်းရေဘေးအတွက် ပါဝင်လှူဒါန်းခြင်းဖြစ်ကြောင်း KNPP ပြော

-

ကန္တာရဝတီတိုင်း (မ်)

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ရေဘေးဒုက္ခသည်တွေအတွက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) က လူသားချင်းစာနာ‌ထောက်ထားမှုအနေနဲ့ ဘတ်ငွေ တစ်သိန်း ( မြန်မာငွေ ခန့်မှန်းခြေ ကျပ် သိန်း ၁၂၀ ကျော် ) ကို လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ပြောပါတယ်။

Do Good ‌ဖောင်ဒေးရှင်း တည်ထောင်သူ ပန်နက်ဒါဝမ်ဖူဒီး (Panadda Wongphudee) ဆီကို KNPP က နိုဝင်ဘာလ ၃၀ ရက်နေ့တုန်းက လှူဒါန်းငွေ ပေးပို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒါကတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံး စာနာထောက်ထားတဲ့အနေနဲ့ အပြန်အလှန် အားလုံးက ဝိုင်းကူကြတာပဲလေး။ အရင် ငလျင်တုန်းကလည်း ကူညီကြတာပဲလေး။ မြန်မာပြည် ငလျင်လှုပ်တုန်းကလည်း ကူညီကြတာပဲလေး။ မြန်မာပြည် ရေကြီးတုန်းကလည်း ကူညီတယ်။ ရေကြီးလည်း ကူညီတယ်။ သို့သော် စာတန်ပေတန် နဲ့ မလုပ်ကြပါဘူး” လို့ KNPP အလုပ်အမှုဆောင်ကော်မတီဝင် ခူဒယ်နီယာယ်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

အဲ့ဒီအကူအညီပေးအပ်မှုကို ကရင်နီလူထုတွေကြား အထင်အမြင်လွဲမှားမှုရှိနေတဲ့အပေါ် နိုင်ငံအချင်းချင်းကြား အပြန်အလှန်အကူအညီပေးကြတာ ဖြစ်တယ်လို့ ခူဒယ်နီယာယ်က တုံ့ပြန်ပါတယ်။

ရေကြီးမှုကြောင့် နစ်နာဆုံးရှုံးမှုတွေ ကြုံနေရတဲ့ ထိုင်းတောင်ပိုင်းက လူထုတွေနဲ့အတူ ကရင်နီပြည်က လူထုတွေနဲ့ KNPP တို့က အိမ်နီးချင်းနိုင်ငံတစ်ခုအနေနဲ့ တစ်သားတည်း ရပ်တည်နေကြောင်းကိုလည်း KNPP က ပြောပါတယ်။

လက်ရှိမှာ ထိုင်းလူထုနဲ့ မြန်မာရွေ့ပြောင်းလုပ်သားတချို့ အပါအဝင် ထိုင်းတောင်ပိုင်းမှာ ကြီးမားတဲ့ ရေကြီးမှုနဲ့ ရင်ဆိုင်နေရတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရက်အတန်ကြာမိုးရွာသွန်းခဲ့လို့ ထိုင်းနိုင်ငံ‌တောင်ပိုင်းက ခရိုင် ၁၀ ခု မှာ နိုဝင်ဘာလ တတိယပတ် ကတည်းက ရေဘေးသင့်နေတာဖြစ်ပြီး ထိုင်းသတင်းတွေအရ လက်ရှိအချိန်ထိ လူပေါင်း ၂ ဒဿမ ၀၈ သန်းက ရေဘေးသင့်နေကြသလို လူ ၁၄၅ ဦးလည်း သေဆုံးခဲ့ရပါတယ်။

အဲ့ဒီ ရေဘေးအကူအညီအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) က အကူအညီတချို့ပေးအပ်ခဲ့ပြီး ခွန်အားပေး သဝဏ်လွှာလည်း ပေးပို့ခဲ့ပါသေးတယ်။

နိုဝင်ဘာလအတွင်း အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း ၊ အင်ဒိုနီးရှား၊ မလေးရှား ၊ ဗီယက်နမ် တို့မှာ ရေကြီးမှု ဖြစ်ပွားနေတာပါ။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ