ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်မှာ ၂၀၂၄ ကနေ ၂၀၂၅ ခုနှစ်အထိ တစ်နှစ်အတွင်း ဘိန်းစိုက်ဧရိယာ ၂၁ ရာခိုင်နှုန်းတိုးလာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး ( UNODC ) က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
UNODC ရဲ့ စာရင်းတွေအရ ကရင်နီမှာ ဘိန်းစိုက်ဧရိယာ ဟာ ၂၀၂၄ ခုနှစ်မှာ ဟက်တာ ၅၂၁ ဝန်းကျင် (ဧကပေါင်း ၁၃၀၀နီးပါး) ရှိခဲ့ပြီးတော့ ဒီနှစ်ထဲမှာ ဟက်တာ ၆၂၈(ဧကပေါင်း ၁၅၅၀) ဝန်းကျင်အထိရှိတာကြောင့် ဟတ်တာ ၁၀၇ (ဧကပေါင်း ၂၆၉ ကျော်) တိုးလာတာဖြစ်ပါတယ်။
ဒါ့အပြင် ဘိန်း ခြောက်ထုတ်လုပ်မှုကလည်း ၅ ရာခိုင်နှုန်းထိ ရှိနေတယ်လို့ ပြောပါတယ်။ ကရင်နီမှာ ထုတ်လုပ်နေတဲ့ ဘိန်းခြောက်က ယခင်နှစ်မှာ တကီလို ကရမ် ၆၉၀,၀၀၀ ကျပ်ရှိရာကနေ ဒီနှစ်အတွင်းမှာ ၇၆,၇၀၀၀ ကျပ် မြင့်တက်လာတယ်လို့လည်း UNODC က ပြောပါတယ်။
ကရင်နီပြည်က ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ် တို့မှာ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာတာဖြစ်ပြီး ပဋိပက္ခကာလအတွင်း ရပ်တည် ရှင်သန်နိုင်ရေးအတွက် စျေးကောင်းရတဲ့ ဘိန်းစိုက်ပျိုးရေးနဲ့ လူထုတွေက အသက်မွေးဝမ်းကျောင်း ပြုလုပ်လာတာတွေ များလာတယ်လို့ ဆိုပါတယ်။
ရှမ်း-ကရင်နီ နယ်စပ်မှာလည်း အရပ်သားအစိုးရလက်ထက်က ဘိန်းအစားထိုးသီးနှံတွေစိုက်ပျိုးခဲ့တဲ့ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ၊ လတိန်ကျေးရွာ ကနေ ရှမ်းပြည် ပင်လောင်းမြို့အထိ ဆက်သွယ်ထားတဲ့ လမ်းတကြောမှာလည်း အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှုတွေ ပြန်လည် မြင့်တက်လာနေတာ ဖြစ်ပါတယ်။
ဘိန်းစိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး ဒီးမော့ဆိုမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက “ကျမတို့ ရွာမှာနေတုန်းကတော့ ဆန်၊စပါး၊ ပြောင်း တွေပဲစိုက်ပြီး အသက်မွေးကြတာပေါ့နော။ ဒါပေမဲ့ အဲ့ဒါတွေကို အကုန်ထားခဲ့ပြီး စစ်ရှောင်နေရတော့ တခြားဝင်ငွေကောင်းနိုင်တဲ့ ဟာကို လုပ်ဖို့ ကြံရတာပေါ့နော။ အဲလို ကြံရတဲ့ အချိန်မှာ ဘိန်းစိုက်တာက မဆိုးဘူးဆိုတာသိရတယ်။ အဲ့ဒါကြောင့်လည်း စိုက်ဖြစ်လာကြတယ် “ လို့ ပြောပါတယ်။
ဘိန်းစိုက်ပျိုးမှုနဲ့ ပတ်သက်လို့ ကြားကာလ အစိုးရအနေနဲ့ အစီအမံချမှတ်ထားတာ ရှိ ၊ မရှိကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ကို မေးမြန်းဖို့ ဆက်သွယ်ထားပေမယ့် အကြောင်းမပြန်သေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက IEC အနေနဲ့ တရားဥပဒေစိုးမိုးရေးအတွက် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို အရေးယူဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပါသေးတယ်။
UNODC ရဲ့ စာရင်းအရ ကရင်နီမှာ ဘိန်းစိုက်ပျိုးဧရိယာ ၂၁ ရာခိုင်နှုန်း၊ ကချင်မှာ ၃ ရာခိုင်နှုန်း၊ ချင်းမှာ ၂၆ ရာခိုင်နှုန်း၊ ရှမ်းမှာ ၁၇ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာကြပြီး စစ်ကိုင်းမှာတော့ ရာခိုင်နှုန်းမသိရဘူးလို့ ပြောပါတယ်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် တစ်နှစ်အတွင်း စိုက်ပျိုးမှု ၁၇ ရာခိုင်နှုန်း မြင့်တက်လာပြီး ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှု နံပါတ် ( ၁ ) အဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ UNODC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာနှုန်းက မတူညီကြပေမဲ့ နိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု အများဆုံးနေရာမှာ ရှမ်းပြည်နယ်က ရပ်တည်နေဆဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ပုံစာ – ရှမ်းတောင်ဒေသမှာ ဘိန်းခြစ်နေတဲ့ တောင်သူအမျိုးသမီးတစ်ဦးကို ၂၀၂၅ ခုနှစ်မှာ တွေ့ရစဥ် ( ဓာတ်ပုံ – UNODC )




