spot_img
27.4 C
Loikaw
Saturday 24, January 2026
spot_img
Homeသတင်းဆီးဆူ့တော် စစ်ရှောင်စခန်းမှာ ကလေးတွေအတွက် စာရေးကိရိယာနဲ့ ကျောင်းသုံးပစ္စည်း အရေးပေါ်လိုအပ်နေ

ဆီးဆူ့တော် စစ်ရှောင်စခန်းမှာ ကလေးတွေအတွက် စာရေးကိရိယာနဲ့ ကျောင်းသုံးပစ္စည်း အရေးပေါ်လိုအပ်နေ

-

ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ လွိုင်နန်းဖ မြို့နယ်ရှိ ဆီးဆူ့တော် စစ်ရှောင်စခန်းက စာသင်ကျောင်းမှာ ကလေးတွေအတွက် စာရေးကိရိယာတွေ နဲ့ ကျောင်းသုံးပစ္စည်းတွေ အရေးပေါ် လိုအပ်နေပါတယ်။
ဆီးဆူ့တော် ကျောင်းဟာ လွိုင်ကော်မြို့ပေါ် နဲ့ ဒီးမော့ဆို မြို့ပေါ် ကနေ စစ်ရှောင်လာရတဲ့ ကလေးတွေ တက်ရောက်နေကြပြီး ကျောင်းသုံးပစ္စည်းတွေ အကူအညီမရတာ (၆) လ ဝန်းကျင် ရှိပြီဖြစ်တဲ့အတွက် အကူအညီ လိုအပ်နေတာဖြစ်တယ်လို့ ကျောင်းတာဝန်ခံ က ပြောပါတယ်။
“ပထမဆုံးနေနဲ့ ကျမတို့ အနေနဲ့ သင်ကြားရေးပိုင်းကို အရင်ပြောမယ်ပေါ့နော်။ သင်ကြားရေးအပိုင်းဆို စာသင်နှစ်ကနေစပြီး အခုထိ White board မစုံသေးတာ ရှိတယ်။ ပြီးတော့ စာရေးကိရိယာပစ္စည်းတွေ။ စစ်ရှောင်ကလေးတွေ ဖြစ်တဲ့အတွက်ကြောင့် ကိုယ်တိုင် စာအုပ်၊ ခဲတံ မဝယ်နိုင်ရှာဘူး။ ကျောင်းသုံးပစ္စည်းတွေ ဖြစ်တဲ့ အိမ်သာဆပ်ပြာမရှိတာ ရေပုံး၊ ရေခွက် မရှိတာတို့ပေါ့” လို့ ကျောင်းတာဝန်ခံ က ပြောပါတယ်။
ကျောင်းသုံးပစ္စည်းအတွက် လိုအပ်ချက်တချို့ကိုတော့ ဆရာ၊ဆရာမတွေကနေ အသိမိတ်ဆွေတွေဆီ အကူအညီ တောင်းခံပေမဲ့ လုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဆရာ၊ ဆရာမတွေကနေ သူတို့ရရှိတဲ့ မုန့်ဖိုးတွေကိုစုပြီး ကျောင်းအတွက် လိုအပ်ချက်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်းနေကြတယ်လို့ သိရပါတယ်။
‌”ကျမတို့ စစ်ရှောင်လည်း ဖြစ်တဲ့အတွက် ကျောင်းသားတွေအပေါ် ကျောင်းသုံးပစ္စည်းအတွက် ကျောင်းသားတွေအပေါ် ကောက်မယ်ဆိုလည်း အဆင်မပြေဘူး။ မကောက်တော့လည်း သုံးစရာမရှိဘူး။ အဲ့ဒါကြောင့် ကျမပြောတဲ့ ဆရာ၊ဆရာမ တွေရဲ့ မုန့်ဖိုးပေါ့နော်။ အဲ့မုန့်ဖိုးကနေ တလကို ကျမတို့ နှစ်သောင်း ပြန်စုတာရှိတယ်။ အဲ့ဒီတလ နည်းနည်းစုတာကို ကျမတို့ စာရွက်တွေ ပြန်ဝယ်တာမျိုးတို့ ၊ Marker pen(မှင်တံ) ပြန်ဝယ်တာမျိုးတို့၊ မင်ရည် ပြန်ဝယ်တာတို့ လုပ်ရတာပေါ့နော်” လို့ ကျောင်းတာဝန်ခံ က ဆက်ပြောပါတယ်။
အဆိုပါကျောင်းမှာ ကျောင်းဆရာ/ဆရာမ (၁၃) ဦး က ကျောင်းသူကျောင်းသားအားလုံး (၆၀) ကျော်ကို သင်ကြားပေးနေပြီး KG ကနေ Grade 8 အထိ ဖွင့်လှစ်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ