spot_img
15.5 C
Loikaw
Monday 15, December 2025
spot_img
Home၂၀၂၅ ရွေးကောက်ပွဲကရင်နီပြည်က ‌ကျေးရွာအုပ်စု ( ၅၁ ) ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း UEC ထုတ်ပြန်

ကရင်နီပြည်က ‌ကျေးရွာအုပ်စု ( ၅၁ ) ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း UEC ထုတ်ပြန်

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်က မြို့နယ်လေးခုမှာရှိတဲ့ ကျေးရွာအုပ်စု ( ၅၁ ) ခုမှာ ရွေးကောက်ပွဲ အပိုင်း (၁) နဲ့ အပိုင်း (၂) ကို ကျင်းပနိုင်မှာမဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေနေမရှိတာကြောင့် လွိုင်ကော်မြို့နယ်ရှိ ပါလောင်းကျေးရွာအုပ်စုနဲ့ တီးလုံကျေးရွာအုပ်စု ကလွဲလို့ ကျန်တဲ့ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲ ပြုလုပ်သွားမှာပါ။ အလားတူ ဒီးမော့ဆိုမြို့နယ်မှာတော့ ငွေတောင်‌ ကျေးရွာအုပ်စုကလွဲလို့ ကျန်အုပ်စု ၂၆ ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ ပြောပါတယ်။

ဖရူဆိုမြို့နယ်မှာ ကျေးရွာအုပ်စု ( ၁၃ ) အုပ်စု ၊ ဘောလခဲ မြို့နယ်မှာလည်း မြို့တွင်းမှာရှိတဲ့ စစ်ကော်မရှင်ဗျူဟာတပ်ရှိရာ နေရာကလွဲလို့ ကျန်ကျေးရွာအုပ်စု ( ၁၀ ) အုပ်စုမှာ ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်ကြောင်း UEC က ထုတ်ပြန်ပါတယ်။

အဲဒီ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ကျေးရွာအုပ်စုတွေက စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်လျက်ရှိနေတဲ့ ‌ဒေသတွေဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

“လူတိုင်းက စစ်ကြောင့် ငတ်ခါနီးအခြေနေရောက်နေကြတဲ့အချိန်မှာ ကိုယ့်စားဝတ်နေရေးကိုပဲ ပူနေကြရတော့ အာဏာသိမ်းထားတဲ့ စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲကို ဘယ်သူမှ စိတ်မဝင်စားဘူး” လို့ ကရင်နီပြည် ဒီးမော့ဆိုမြို့မှာ စစ်‌ဘေးတိမ်းရှောင်နေရတဲ့ ဒီးမော့ဆို ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်က ကောက်ယူထားတဲ့ ၂၀၂၄ သန်းခေါင်စာရင်းအရ ကရင်နီပြည်မှာ လူဦးရေ သုံးသိန်းဝန်းကျင် (၂၉၆,၆၀၁ ဦး) ရှိတဲ့အနက် သန်းခေါင်းစာရင်းကောက်ယူနိုင်မှုအရေအတွက်က သုံးသောင်းကျော် (၃၈,၂၃၈ ဦး) ရှိပြီး လူဦးရေ ၁၂.၉ ရာခိုင်နှုန်းကိုသာ စာရင်းကောက်ယူနိုင်ခဲ့တယ်လို့ ပြောထားပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ