ကန္တရဝတီတိုင်း ( မ် )
စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဝန်ထမ်းတွေကနေ ”ဒို့ အတူတူမဲပေးကြမယ် ” ဆိုတဲ့ လက်ကမ်းစာစောင်ကို ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ဖြန့်ဝေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်ကော်မြို့တွင်းက ဗဟိုဈေး၊ သီရိမင်္ဂလာဈေး၊ နောင်ယားကန်သာ၊ ထေးငှားလျားကန်၊ လွိုင်ကော် တက္ကသိုလ် နဲ့ လူစုလူဝေးနေရာတွေမှာ ပြည်သူတွေကို ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။
”စျေးထဲမှာ ကောင်မလေးတွေလာဝေတယ်။ မဲပေးဖို့အတွက် စည်းရုံရေးစာစောင်တွေပါ။ သေချာမဖတ် ဖြစ်သလို ဘယ်နားထားမိလဲတောင် မသိတော့ပါဘူး”လို့ ဈေးရောင်းတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ” ဆောင်ပုဒ်နှင့်အညီ “ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ”၊ “ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်”၊ “ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့”၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့” စတဲ့ အကြောင်းအရာပါ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေခဲ့တာပါ။
ရွေးကောက်ပွဲအပိုင်း ( ၁ ) ကျင်းပဖို့ ရက်ပေါင်း ၂၀ ကျော်သာ လိုတော့တဲ့ လွိုင်ကော်မြို့တွင်းမှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီကိုယ်စားလှယ်လောင်းတချို့လည်း ပြည်သူတချို့နဲ့ တွေ့ဆုံပြီး မဲဆွယ်စည်းရုံးရေးဆင်းကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ရွေးကောက်ပွဲအကြောင်းအရာနဲ့ပတ်သက်ပြီး လူထုတွေက စိတ်ဝင်စားမှုမရှိကြသလို ပြောဆိုမှုတွေလည်း မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ရွေးကောက်ပွဲအပိုင်း ( ၁ ) မှာ ပါဝင်တဲ့ လွိုင်ကော်မြို့နယ်ထဲက မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၄ ခုကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP ) နဲ့ ပြည်နယ်အခြေစိုက် ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) တို့ ဖြစ်ပါတယ်။




