ကန္တာရဝတီတိုင်း (မ်)
မြန်မာနိုင်ငံတဝှမ်းမှာ နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၅ ရက်နေ့အထိ ၁၀ ရက်အတွင်း ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ နဲ့ လူ ၂၉ ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ စစ်ကော်မရှင်ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့က မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲဆန့်ကျင်ရေးသားထားတဲ့ စာရွက်တွေကို လမ်းပေါ်မှာ လိုက်လံဖြန့်ဝေခဲ့တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း နဲ့ အပေါင်းအပါ ၁၀ဦးကိုလည်း အမှုဖွင့်ထားပြီး မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ် ဖျက်ဆီးမှုနဲ့ လူ ၁၆ ဦးတို့ကို အမှုဖွင့်အရေးယူထားတယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားမှု၊ ပြန်လည်မျှဝေမှုနဲ့ လူ သုံးဦး ကိုလည်း အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။
အမှုဖွင့်ခံထားရတဲ့ သူတွေက ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီး တို့က ဖြစ်ပါတယ်။
စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့မှာတော့ ရွေးကောက်ပွဲကျင်းပမယ့်ရက် နီးလာတာနဲ့အမျှ လုံခြုံရေးတွေ တိုးမြှင့်လာတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“လွိုင်ကော်က လူလည်းနည်းတယ် ရှိတာတွေလည်း ဝန်ထမ်းတွေဆိုတော့။ အင်တာနက်သုံးဖို့ရင်လည်း VPN ချိတ်ရခက်လာတယ်။ လုံခြုံရေးတိုးမြှင့်လာတယ်။ လွိုင်ကော်မှာ ပြန်နေဖို့ဆုံးဖြတ်သူအများစုကလည်း ဘယ်လိုပြောမလဲ နိုင်ငံရေးစိတ်မဝင်စားသူတွေနဲ့ စစ်တပ်ထောက်ခံသူတွေရယ် ဝန်ထမ်းတွေရယ် များတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့တုန်းက ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခံရတဲ့ အသက်မပြည့်သေးတဲ့ ကလေး ၃ ဦးအပါအဝင် အမျိုးသား ၅ ဦး ရှိခဲ့ပါတယ်။ လွိုင်ကော်မြို့တွင်းမှာတော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒေသခံတွေက ထုတ်ဖော်ပြောဆိုမှု မရှိသလို စိတ်ဝင်စားမှုလည်း မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲဥပဒေကို ပြဌာန်းတဲ့ ဇူလိုင်က စလို့ အဆိုပါ ဥပဒေနဲ့ အနုပညာရှင်တွေအပါအဝင် နိုင်ငံတစ်ဝှမ်းမှာ အမှုဖွင့်အရေးယူခံရသူ ၁၀၀ ကျော် ရှိလာပါတယ်။




