ကန္တာရဝတီတိုင်း ( မ် )
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာ ရွေးကောက်ပွဲအပိုင်း ( ၁ ) ကျင်းပမယ့်ရက် နီးလာချိန်မှာ လုံခြုံရေးတင်းကြပ်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယခုရက်ပိုင်းအတွင်း လွိုင်ကော်မြို့တွင်းမှာ စစ်တပ်ကနေ ကားတွေနဲ့ ကင်းလှည့်စောင့်ကြည့်နေပြီး ည ၁၁ နာရီမှ မနက် ၄ နာရီအတွင်း အပြင်ထွက်ခွင့် မရှိဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ည အချိန်ကျော်သွားရင် လမ်းကို ဟို ဖက်ဒီဖက် ပိတ်ပြီး ဖမ်းနေတယ်။ ရဲ၊ မော်တော်ပီကယ်တွေလည်းပါတယ် မိတာလည်း အများကြီးပဲ” လို့ လွိုင်ကော်မြို့ ၊ နမ့်ဘော်ဝမ်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ယခင် တစ်လေးလုံး စစ်ဆင်ရေးမတိုင်ခင်က ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပြီး အသွားအလာကန့်သတ်မှုရှိခဲ့ပေမယ့် လက်ရှိမှာတော့ ယခင်ကထက် ပိုမိုစစ်ဆေးတင်းကြပ်ပြီး အရေးယူဆောင်ရွက်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ညပိုင်းသွားလာသူတွေကို စစ်ဆေးတွေ့ရှိပါက ဆိုင်ကယ်တစ်စီးလျှင် ငွေ သုံးသောင်း ကျပ် ပေးဆောင်ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လတ်တလောမှာ အင်တာနက်ဖုန်းလိုင်းတွေ မကြာခဏ ပြတ်တောက်နေသလို Mytel ဆက်သွယ်ရေးလိုင်းတခုသာ အနည်းငယ်အဆင်ပြေပေမယ့် VPN ချိတ်ဆက်ရ ခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
“စစ်တပ်နဲ့နီးတဲ့နေရာတွေက ပိုဆိုးတယ်။ ဖုန်းပြောဖို့တောင် တိုင်ကမမိချင် “လို့ ဧက ၅၀၀ ရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ( ၁ ) ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန်မှာ လွိုင်ကော်မြို့တွင်းမှာ စစ်ဆေးတင်းကြပ်မှု ပိုများလာသလို မြို့အနီးပတ်လည်မှာလည်း စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။




