spot_img
15.9 C
Loikaw
Friday 2, January 2026
spot_img
Home၂၀၂၅ ရွေးကောက်ပွဲအရေးယူခံရမှာ စိုးရိမ်တဲ့အတွက် ရွေးကောက်ပွဲနေ့မှာ မဲထည့်ခဲ့တယ်လို့ လွိုင်ကော်မြို့ခံတချို့ ဆို

အရေးယူခံရမှာ စိုးရိမ်တဲ့အတွက် ရွေးကောက်ပွဲနေ့မှာ မဲထည့်ခဲ့တယ်လို့ လွိုင်ကော်မြို့ခံတချို့ ဆို

-

ကန္တာရဝတီတိုင်း ( မ် )

ယမန်နေ့( ဒီဇင်ဘာလ ၂၈ရက်နေ့) မှာ ပြုလုပ်ခဲ့တဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း ၁ မှာ ကရင်နီပြည်၊ လွိုင်ကော်မြို့က မြို့ခံတချို့ဟာ အရေးယူခံရမှာကို ကြောက်ရွံ့တာကြောင့် မဖြစ်မနေမဲပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

“မနေ့က လက်နက်ကြီးတွေလည်း ကျတယ် ပစ်ခတ်သံတွေလည်း ကြားနေတော့ အပြင်မထွက်ချင်ကြဘူး။ ဒါပေမယ့် မဲစာရင်းမပေးတဲ့သူတွေရဲ့ စာရင်းကလည်း သူတို့(စစ်ကော်မရှင်) လက်ထဲမှာ ရှိနေမှာပေါ့နော။ ရှိနေတော့ ကိုယ့်ကို ဘယ်လိုမျိုး ပြဿနာရှာမလဲဆိုတာက မပြောနိုင်ဘူးလေ။ ဒါပေမယ့် တချို့က ကြံ့ကြံ့ခိုင်ပြီးတော့မှ မဲမပေးတဲ့သူလည်း ရှိတယ်ပေါ့နော။ ပြီးတော့ လွိုင်ကော်က တချို့ ရပ်ကွက်တွေက လူများတယ် နကိုယ်ကတည်းက စစ်တပ်ထောက်ခံတဲ့သူတွေဖြစ်တော့ မဲပေးတဲ့သူ များတာပေါ့။ မဲပေးတာနည်းတဲ့ ရပ်ကွက်တွေကျတော့ အရင်ကတည်းက ပြန်လာတဲ့သူတွေနည်းတာပေါ့နော။ စစ်ဒဏ်ကိုခံထားရတဲ့ ရပ်ကွက်တွေမှာတော့ မဲပေးတာက လူစည်တဲ့ ရပ်ကွက်တွေထက်စာရင်တော့ နည်းတာပေါ့။” လို့ မဲပေးရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြို့ခံတဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်က လူအစည်းကားဆုံး ရပ်ကွက်တွေဖြစ်တဲ့ ဒေါတမ ၊ လောဓမ္မ ၊ နမ့်ဘော်ဝမ် ရပ်ကွက်တွေရဲ့ မဲရုံအသီးသီးမှာ သွားရောက်မဲထည့်ကြတဲ့သူများတယ်လို့ ဆိုပါတယ်။

“အဲ့ ၃ ရပ်ကွက်ကျတော့ လွိုင်ကော်ပြန်တဲ့သူတွေ အများဆုံး နေတဲ့နေရာဖြစ်တယ်ပေါ့။ အဲ့ခါကျ လူက အရမ်းများသွားတယ်။ မြို့ရဲ့ နေလို့မရတဲ့ ရပ်ကွက်တွေကသူတွေလည်း အဲ့မှာပဲ လာနေကြတယ်။ ကျောင်းသားတွေကော၊ အလုပ်သမားတွေကော၊ အဲ့မှာပဲနေကြတော့ လူဦးရေက များသွားတာ။ ရပ်ကွက်ရဲ့ ရှိသင့်တဲ့ လူစာရင်းထက် များသွားတော့ မဲပေးတဲ့ အရေအတွက်ကလည်း များပေမယ့် ရာခိုင်နှုန်းအားဖြင့် ကျန်နေသေးတဲ့ မိသားစုလည်း ရှိတယ်။” လို့ အဆိုပါ မြို့ခံတဦးက ဆက်ပြောပါတယ်။

လွိုင်ကော်မြို့နယ်ရဲ့ မဲဆန္ဒနယ်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေကတော့ ကြံ့ခိုင်ရေးပါတီ (USDP) ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) နဲ့ ပြည်နယ်အခြေစိုက် ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) တို့ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေကို ဒေသခံပြည်သူအများစုက မသိရှိကြပေမယ့် မဲထည့်ခဲ့ရတဲ့ အခြေအနေ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်ထောက်ခံသူ အသိုင်းအဝိုင်း ၊ ဝန်ထမ်း တွေကတော့ ကြံ့ခိုင်ရေးပါတီကို မဲပေးကြသလို ဒေသခံတချို့ကလည်း ပြည်နယ်အခြေစိုက် ကယားပြည်နယ်ပြည်သူ့ပါတီ ( KySPP) ကို မဲပေးကြပြီး ရာခိုင်နှုန်းအားဖြင့် လွိုင်ကော်မြို့မှာတော့ ကြံ့ခိုင်ရေးပါတီက မဲအသာစီးရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွေးကောက်ပွဲအပိုင်း ( ၁ ) ကျင်းပတဲ့ထဲမှာ ကရင်နီပြည်က လွိုင်ကော်မြို့နယ် အပြင် ဘောလခဲမြို့နယ်လည်း ပါဝင်ပြီး စစ်ကော်မရှင်ထုတ်ပြန်တဲ့ စာရင်းအရ လွိုင်ကော်မြို့နယ်မှာ မဲရုံ ( ၈၂ ) ရုံ ၊ ဘောလခဲမြို့နယ်မှာ မဲရုံ ၆ ရုံ ရှိတယ်လို့ ဆိုထားပါတယ်။ လွိုင်ကော်မြို့မှာ ရွေးကောက်ပွဲ ကျင်းပနေစဉ် မြို့ပေါ် နေရာတချို့မှာ လက်နက်ကြီးကျရောက်ခဲ့တာကြောင့် လူထုတွေ စိုးရိမ်ထိတ်လန့်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ