ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ တစ်လအတွင်း စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် လူထုပိုင်နေအိမ် ၃၆ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ယမန်နေ့ ဇန်နဝါရီ ၅ ရက်နေ့မှာ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရှိရပါတယ်။
ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်အနောက်ခြမ်းမှာ စစ်ကော်မရှင်တပ်တွေက မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
လူထုပိုင်နေအိမ် မီးရှို့ဖျက်ဆီးခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဖယ်ခုံမြို့နယ်ဒေသခံအမျိုးသား တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အခုလို ပြောပါတယ်။
“ဒီဖယ်ခုံနယ်စပ်ဖက်မှာလည်း မြေပြင်တိုက်ပွဲလည်းရှိတော့ တိုက်ပွဲအခြေအနေတော့ မသိရဘူး။ ဒါပေမဲ့ သူတို့ (စစ်ကော်မရှင်) က နေအိမ် မီးလိုက်ရှို့တာတို့ဆို ကြားသိတယ်။ ဘယ်လောက် လောင်သွားလဲ။ ဘယ်လောက်ပျက်စီးခဲ့လဲ ဆိုတာတော့ မသိခဲ့ဘူးပေါ့။ တိုက်ပွဲမှာ အကျအဆုံး ရှိလို့ လိုက်ရှို့တာလား။ တမင်လိုက်ရှို့တာလားတော့ မပြောတတ်ဘူးပေါ့။“ လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဖယ်ခုံမြို့နယ်အနောက်ဖက်ခြမ်းမှာ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ကတည်းက ဘောရန်ကျေးရွာကို စစ်ကော်မရှင်တပ်နဲ့ ပအိုဝ့်ပြည်သူ့စစ် (PNO) ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေကြရတာပါ။
ဒါ့အပြင် ဒီဇင်ဘာလအတွင်းမှာပဲ စစ်ကော်မရှင်ရဲ့ မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူထုပိုင် နေအိမ် စုစုပေါင်း ၅၉ လုံးအပြင် ယာဥ် ၉ စီး၊ စိုက်ခင်း ၃ ခင်း၊ တံတား ၁ စင်းနဲ့ တိရိစ္ဆာန် ၃ ကောင် ထိခိုက်ပျက်စီးခဲ့တယ်လို့ KnHRG ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။




