ကန္တာရဝတီတိုင်း (မ်)
မြန်မာ့ အမျိုးသမီးသမဂ္ဂ BUW က ၂၀၂၄ ခုနှစ် ဇန်နဝါလရီ ကနေ ၂၀၂၅ ခုနှစ်ဇူလိုင် အထိ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၈၈ မှုကို မှတ်တမ်းတင်ထားတယ်လို့ ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
မှတ်တမ်းတွေထဲက အမှု ၃၁ ခုဟာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ၊ သူတို့နဲ့ ဆက်စပ်တဲ့ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေ၊ ခေါင်းဆောင်တွေ၊ ပျူစောထီးတွေက ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။ ၃၁ မှုထဲက ၂၁ မှုဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ဖြစ်ပွားခဲ့ပြီး အဲဒီထဲက ၁၀ မှုက အုပ်စုလိုက်မုဒိမ်းကျင့်မှုဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
မှတ်တမ်းတင်ထားတဲ့ အမှု ၈၈ ခုထဲက ၆၄ မှုက မုဒိမ်းမှုနဲ့ ကျန်တဲ့အမှုတွေက မုဒိမ်းကျင့်ရန်ကြိုးပမ်းမှု၊ စစ်ဆေးရေးဂိတ်တွေမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊ လက်နက် ဒါမှမဟုတ် ငွေအင်အားကို အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ လိင်ပိုင်းဆိုင်ရာအနှောင့်အယှက်ပေးမှု စတာတွေပါဝင်တယ်လို့ ပြောပါတယ်။
အဆိုပါမှတ်တမ်းအရ မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်စစ်တပ်ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်သဖွယ် ကျယ်ကျယ်ပြန့်ပြန် နဲ့ စနစ်တကျ အသုံးပြုနေတာဖြစ်တယ်လို့ BWUက ဆိုထားပါတယ်။
တခြားသော လက်နက်ကိုင်အုပ်စုတွေက ကျူးလွန်တဲ့ အမှုတွေလည်း ရှိနေပြီး စနစ်တကျ ကျူးလွန်တာမျိုးမဟုတ်ပေမဲ့လည်း ကျူးလွန်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ တခြားသော လက်နက်ကိုင်အုပ်စုတွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ဝင်တို့ကလည်း လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနဲ့ နှောင့်ယှက်မှုတွေကို စတင်ကျူးလွန်လာကြတာကြောင့် ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ လိုအပ်တဲ့ အစီအမံတွေကို ဆောင်ရွက်ထားရမယ်လို့ BWU က တပါတည်း ပြောထားပါတယ်။
အခြားသော လက်နက်ကိုင်အုပ်စုတွေကျူးလွန်တဲ့ အမှုတွေကတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း တွေမှာ ဖြစ်ပြီး ကရင်နီမှာတော့ ကရင်နီပြည်တပ်မတော် က ကျူးလွန်တဲ့ အကြမ်းဖက်မှု ၁ ခုလည်း ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နီတပ်မတော် KA ကတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ဆက်စပ်တဲ့ အမှုတွေ ဖြစ်လာပါက အဖွဲ့အစည်းပြဌာန်းထားတဲ့ ပြစ်မှုဥပဒေအတိုင်း အရေးယူမယ်လို့ ကရင်နီတပ်မတော် ဒု- စစ်ဦးစီးချုပ်/ ဒု- ဗိုလ်မှူးချုပ် ဘုန်းနိုင်က ပြောပါတယ်။
“ကျနော်တို့ ပြဌာန်းချက်တွေရှိတယ်လေး။ ကျနော်တို့ပြစ်မှုဆိုင်ရာပုဒ်မ စာအုပ်တွေရှိပါတယ်။ အဲတာအတိုင်းပဲ ကျနော်တို့ ဖြစ်ခဲ့ရင်တော့ ကျနော်တို့ အရေးယူသွားမှာပဲ”လို့ ပြောပါတယ်။
ရှင်သန်လွတ်မြောက်လာသူတွေ တနည်းအားဖြင့် ကျူးလွန်ခံရသူတွေက အမျိုးသမီး၊ ကလေးသူငယ်၊ လိင်စိတ်ခံယူမှုကွဲပြားသူတွေနဲ့ မသန်စွမ်းသူများလည်း ပါဝင်နေပြီး အသက်အပိုင်းအခြားအနေနဲ့ ၅ နှစ်ကနေ ၇၀ နှစ် အတွင်း ရှိကြတယ်လို့ ဖော်ပြထားပါတယ်။
ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို့ပြောရာမှာ မုဒိမ်းကျင့်မှု၊ အုပ်စုလိုက်မုဒိမ်းကျင့်မှု၊ မြေပြင်မှာသာမက အွန်လိုင်းပေါ်မှာ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှု၊ ကြောက်လန့်အောင်ခြောက်လှန့်မှု၊ နှိပ်စက်ညှင်းပန်းမှု နဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု စသဖြင့် ပုံစံမျိုးစုံရှိတယ်လို့ BWU က ပြောပါတယ်။




