Homeသတင်းလွိုင်ကော်မြို့မှာ ညမထွက်ရ အမိန့်ကို အချိန် တိုးမြှင့်

လွိုင်ကော်မြို့မှာ ညမထွက်ရ အမိန့်ကို အချိန် တိုးမြှင့်

-

ကန္တာရဝတီတိုင်း ( မ် )

စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်အမိန့်ကို ည ၉ နာရီ မှ မနက် ၄ နာရီထိ ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၇ ရက်နေ့က မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက လှည့်လည်ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

ယခင်က ညမထွက်ရအမိန့်ကို ည ၁၁ နာရီကနေ မနက် ၄ နာရီ ထိ သတ်မှတ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ ည ၉ နာရီကနေ မနက် ၄ နာရီထိ အချိန်တိုးမြှင့်လိုက်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ပုံစာ – လွိုင်ကော်မြို့တွင်း၊ တောင်ဈေးအနီးအနားက မီးပွိုင့် တနေရာကို မြင်တွေ့ရစဉ် ( ဓါတ်ပုံ – ဒေသခံ )

”ရွေးကောက်ပွဲပြီးမှပဲ ဘာလို့ ညမထွက်ရအမိန့်က အဲ့လိုဖြစ်သွားလဲ သိပ်တော့နားမလည်ဘူး ၊ သူတို့မကြေညာလည်း ညထွက်တဲ့သူတော့နည်းပါတယ် ” လို့ မြို့ခံတဦးက ပြောပါတယ်။

ယခု ဇန်နဝါရီလအတွင်းမှာပဲ ပြီးခဲ့တဲ့လတွေထက် လွိုင်ကော်မြို့တွင်းမှာ စစ်သား၊ ရဲ လုံခြုံရေးအင်အား တိုးမြင့်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

”ည ၁၀ နာရီလောက်ဆို စစ်သားတွေ ရပ်ကွက်ထဲကို ကင်း ပတ်ပြီ စကားပြောသံတွေ ကြားနေရပြီ ဒီရက်ပိုင်းတွေထဲ ” လို့ ကြည်သာယာရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကဆိုပါတယ်။

လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ပြုလုပ်မယ့် ကယားပြည်နယ်နေ့ အခမ်းအနားကို စစ်ကော်မရှင်က အောင်မြင်စွာ ကျင်းပနိုင်ဖို့ အခုလိုလုံခြုံရေးအင်အား တိုးမြှင့်တာဖြစ်နိုင်တယ်လို့ ဒေသခံတချို့က သုံးသပ်ကြပါတယ်။

၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က စစ်ကော်မရှင် ထိန်းချုပ်တဲ့ လွိုင်ကော်မြို့မှာ ရွေးကောက်ပွဲ အပိုင်း ( ၁ )ကျင်းပနေစဉ် မြို့တွင်းထဲ လက်နက်ကြီး ကျရောက်ခဲ့ပါသေးတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ