Homeသတင်းရွေးကောက်ပွဲ အပိုင်း (၂) ပြုလုပ်တဲ့ ဒီးမော့ဆိုမှာ စစ်ကော်မရှင်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့

ရွေးကောက်ပွဲ အပိုင်း (၂) ပြုလုပ်တဲ့ ဒီးမော့ဆိုမှာ စစ်ကော်မရှင်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ရွေးကောက်ပွဲအပိုင်း ( ၂ ) ကို ပြုလုပ်တဲ့ ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စစ်ကော်မရှင်တပ်က ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းကို လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲ အပိုင်း (၂) ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ် ( ၁၀၀ ) မှာ ကျင်းပပြုလုပ်ခဲ့ပြီး ကရင်နီပြည်မှာတော့ ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်တွေမှာ ပြုလုပ်ခဲ့တာပါ။

“နေ့ခင်း (၁၀) နာရီဝန်းကျင် လောက်မှာ (၃) လုံး ကျတယ်။ လူထိခိုက်မှုကတော့ မရှိဘူး” လို့ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းက အမျိုးသားတဦးက ပြောပါတယ်။

ဒီးမော့ဆိုအခြေစိုက် စစ်ကော်မရှင် အခြေစိုက်တပ်ရင်းတွေက လက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်ပြီး ဒီးမော့ဆိုအရှေ့ခြမ်း တနေရာကို လက်နက်ကြီး သုံးလုံး ကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်က စစ်ရေးလှုပ်ရှားမှုရှိနေပြီး ယမန်နေ့ ရွေးကောက်ပွဲကျင်းပတဲ့ နေ့မှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးလို့ သိရပါတယ်။

စစ်ကော်မရှင်က ဦးဆောင်ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ကရင်နီပြည်က မြို့နယ် ၄ ခု ပါဝင်ပြီး ရွေးကောက်ပွဲအပိုင်း ( ၁ ) ကို လွိုင်ကော် နဲ့ ဘောလခဲမြို့နယ်မှာ ကျင်းပပြီးစီးခဲ့ပါတယ်။ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း ( ၂ ) မှာတော့ ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်ပါဝင်ပြီး စစ်ကော်မရှင် ထိန်းချုပ်တဲ့ တပ်စခန်း နဲ့ တပ်မိသားစုအသိုင်းအဝိုင်းတွေမှာသာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ