spot_img
14.8 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်းမှာ အမျိုးသမီးတဦး အသတ်ခံရ ၊ အမှုမှန်ပေါ်ပေါက်ဖို့ မိသားစုဝင်တွေ မျှော်လင့်

ဒီးမော့ဆိုအနောက်ခြမ်းမှာ အမျိုးသမီးတဦး အသတ်ခံရ ၊ အမှုမှန်ပေါ်ပေါက်ဖို့ မိသားစုဝင်တွေ မျှော်လင့်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက ကျေးရွာတစ်နေရာမှာ နွားကျောင်းနေတဲ့ အမျိုးသမီးတစ်ဦး အသတ်ခံရပြီး အမှုမှန်ပေါ်ပေါက်ဖို့ တောင်းဆိုကြောင်း အသတ်ခံရတဲ့ အမျိုးသမီးရဲ့ မိသားစုဝင်တဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဘယ်လိုဖြစ်ဖြစ် ကျနော်တို့ ယူကြုံးမရဘူးပေါ့နော်။ လုံးဝခံစားလို့လည်းမရဘူး။ အဲ့တာ ဖြစ်တဲ့ဟာလည်း ဖြစ်ပြီးပြီ။ ဒါပေမဲ့ နောက်ထပ်မဖြစ်အောင်လည်း ကျနော်တို့ လုံခြုံရေးအရသော်လည်းကောင်း လက်ရှိကျန်နေတဲ့လူလည်း သူ့လိုမျိုးမဖြစ်အောင် ကျနော်တို့ကို ထပ်ဝိုင်းဝန်းပေးဖို့ပေါ့နော်။ ကျနော်တို့ကို လုံခြုံရေးစည်း ထပ်ကြပ် ပေးဖို့ပေါ့နော် ကျနော်တော့တောင်းဆိုချင်တယ်။” လို့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။

အဆိုပါအသတ်ခံရတဲ့ အမျိုးသမီးဟာ အသက် ၄၅ နှစ် အရွယ်ရှိတဲ့ ဒေါ်ပိုင် ဖြစ်ပါတယ်။ နေ့စဉ် နွားသွားကျောင်းနေသူဖြစ်ပြီး ညနေခင်းမှ နေအိမ်ကို ပုံမှန်ပြန်ရောက်လာတတ်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာတော့ အိမ်ပြန်ရောက်လာခြင်းမရှိဘဲ မိသားစုဝင်တွေ လိုက်ရှာဖွေကြရာကနေ အသတ်ခံရတဲ့ ရုပ်အလောင်းကိုသာ တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်ဆီကနေ သိရပါတယ်။

အခုလို အရပ်သား သတ်ဖြတ်ခံရတဲ့အပေါ် မြေပြင်သွားလာနေထိုင်သူ တဦးအနေနဲ့ ကိုယ့်လုံခြုံရေးအတွက် ပိုမို စိုးရိမ်လာတယ်လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ စစ်ရှောင်နေတဲ့ အမျိုးသမီးတဦးက အခုလိုပြောပါတယ်။

“ကိုယ်လည်း ဒီဖက်မှာပဲနေတဲ့ သူတစ်ယောက်ဆိုတော့ အခုလို ကြားရတော့ မလုံခြုံတာက အစကတည်းကပါပဲ။ အခုလို ထပ်ကြားတော့ ကိုယ့်လုံခြုံရေးပိုပြီးတောင် စိတ်ပူမိတာတော့ အမှန်ပဲ။” လို့ အဆိုပါ အမျိုးသမီးက အခုလိုပြောပါတယ်။

လက်ရှိမှာတော့ အမှုကိစ္စနဲ့ပတ်သက်ပြီး KSP ရဲတပ်ဖွဲ့အပြင် အခြားအဖွဲ့အစည်းကို တိုင်ကြားထားတာမျိုးမရှိသေးဘူးလို့လည်း မိသားစုဝင်တွေဆီကနေ သိရပါတယ်။

အသတ်ခံရတဲ့ အမျိုးသမီးရဲ့ဖြစ်စဥ်နောက်ဆက်တွဲအခြေအနေကိုတော့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက ကရင်နီပြည်ရဲတပ်ဖွဲ့ ( KSP ) အပါအဝင် သက်ဆိုင်ရာ နယ်မြေခံအဖွဲ့အစည်း တချို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ