ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ လွိုင်ကော်မြို့ ၊ သီရိမင်္ဂလာ ( တောင်ဈေးသစ်) ရဲ့ ဒုတိယအကြိမ် ဖွင့်ပွဲကို ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်မှာ ပြုလုပ်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး တက်ရောက်ခဲ့တယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။
သီရိမင်္ဂလာ ( တောင်ဈေးသစ် ) ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဧပြီလ ၂၅ ရက်နေ့မှာ စစ်ကော်မရှင်ရဲ့ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးဇော်မျိုးတင်က ပထမတကြိမ် ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ယခုဖွင့်ပွဲက ဒုတိယအကြိမ် ဖြစ်ပါတယ်။
“ အဆင့်မြင့် သီရီမင်္ဂလာစျေးသစ်အတွက် လာတာတဲ့။ ကွာတာတော့ ပထမတခါ က ကပ်ကြေးနဲ့ ပဲဖြတ်တာ အခုကျ စက်နဲ့ဖွင့်တယ်။ ရှေ့ရက်က ည လက်နက်ကြီးထုပြီးတော့ နောက်ရက်ကျ ကားတန်းရှည်ကြီးတွေရယ် လုံခြုံရေးတွေ အများကြီးမြင်တော့ လန့်တောင်လန့်သွားတယ်။ နောက်မှ အကောင်ကြီးကြီး ( ရာထူးကြီး ) လာမှန်းသိတာ။” လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။
အဆင့်မြင့် သီရိမင်္ဂလာဈေးသစ်ကို စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးဉာဏ်ထွန်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဇော်မင်းလတ် ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ ဗဟိုအကြံပေးအဖွဲ့ဝင် စောဒန်နီယယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသလို အမှုဆောင်ချုပ်က အဆင့်မြင့် သီရိမင်္ဂလာဈေးသစ်ကြီး ဖွင့်ပွဲမုခ်ဦးအား စက်ခလုတ်နှိပ်ပြီး ဖွင့်လှစ်ပေးခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီနောက် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို သွားရောက်တာ ၊ လွိုင်ကော်မြို့ပေါ် ခရစ်ယာန်အသင်းတော်အသီးသီးက ဆရာတော်တွေနဲ့ တွေ့ဆုံတာ ၊ ညပိုင်းမှာတော့ ( ၇၄ ) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲမှာ ဆုရရှိသူတွေကို ဆုချီးမြှင့်တာ တွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ကယားပြည်နယ်နေ့အခမ်းအနားကို တက်ရောက်ဖို့ ဦးအောင်လင်းဒွေး က လွိုင်ကော်မြို့ကို ရောက်ရှိလာတာဖြစ်ပြီး မြို့တွင်းမှာ လုံခြုံရေးအင်အား အများအပြား ထားရှိတာကို မြင်တွေ့ရတယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောကြပါတယ်။ ကယားပြည်နယ်နေ့ ( ကယားဒေး ) ပွဲကို စတင်ကျင်းပတဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကစပြီး လွိုင်ကော်မြို့ပြင်ဖက်ကို စစ်ကော်မရှင်က နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။




