ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်အချိန်မှာ အမျိုးသားတဦး ဓားပြတိုက်ခံရပြီး ငွေသား (၇၈) သိန်း နဲ့ ဖုန်း ၊ နာရီ ပါသွားတယ်လို့ ကာယကံရှင် အမျိုးသားက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
အလုပ်ကိစ္စ နဲ့ ခူးပရာကျေးရွာကနေ ဝါရီကျေးရွာကို သွားနေတဲ့ လမ်းခုလတ်တနေရာမှာ အမျိုးသားနှစ်ဦးက အဆိုပါ အမျိုးသား မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို တားဆီးပြီး သေနတ်နဲ့ထောက်ကာ ဓါးပြတိုက်ခဲ့တယ်လို့ ကာယကံရှင် အမျိုးသားက အခုလို ပြောပါတယ်။
“စစချင်းရောက်တော့ သူ ဆိုင်ကယ်တားတယ်။ ဒီမှာခနလာအုံးဆိုပြီး လမ်းအောက်ဖက် ခေါ်သွားတယ်။ ဘာဖြစ်လဲလို့ ကျနော်ကမေးတော့ လွယ်အိတ်ပေးလို့ပြောတယ်။ အိတ်ပေးလာခဲ့ အိတ်မပေးရင်သတ်ပစ်လိုက်မယ်လို့ သူခြိမ်းခြောက်တယ်။ ပြီးတော့ ကျနော့်အိတ်ကို လုပြီး နရင်း ရိုက်လိုက်တယ်။ကျနော်လည်းစ သတိနည်းနည်းလစ်သွားတယ်။ ခေါင်း မူးကုန်တယ်။ လက်တွေခြေတွေကို ဘယ်ချိန်ချည်လိုက်လဲ မသိဘူး။ တစ်ယောက်က ကျနော့်ကိုဆွဲလိုက်တယ်။ ကျနော့်နောက်ကျောကိုလဲ သေနတ်ပြောင်းနဲ့ ထောက်ထားတယ်။ ကျနော် သိတယ်။အဲ့ဒါပဲသိတယ်။ တောင်ပေါ်ရောက်တဲ့ချိန် ကျနော်လဲ မသိတော့ဘူး။ တောင်ပေါ်ရောက်တဲ့ချိန်က ကျနော့်မျက်နှာကို ဓားနဲ့ခြစ်တယ်။ ကျနော်သူ့ကို ပိုက်ဆံပြန်ပေးဖို့ ပြောသေးတယ်။ မင်းဘားမပြောနဲ့ မင်းသေချင်လား ဆိုပြီး ကျနော့်ပါး နဲ့ နဖူး ကိုဓားထောက်ပြီး ဆွဲတယ်။ တချက်ပြီးတချက် သုံးလေးငါးချက် သူဆွဲတယ်” လို့ ဓားပြတိုက်ခံရတဲ့ ကာယကံရှင် အမျိုးသား က ပြန်ပြောပြပါတယ်။
ဓားပြတိုက်သူမှာ နှစ်ဦးဖြစ်ပြီး နှစ်ဦးအနက် တစ်ဦးက မျက်နှာဖုံးစွပ်ထားပြီး မျက်လုံးကိုသာ ဖော်ထားတယ်လို့ သူက ပြောပါတယ်။ သတိမေ့မျောလုနီးပါးဖြစ်နေချိန်မှာ ဓားပြတိုက်တဲ့ နှစ်ဦးက ဟိုဝမ်နဲ့ ဝါရီးကြား လမ်းခုလတ် တစ်နေရာကို ဒရွက်တိုက်ဆွဲခေါ်ပြီး ငွေသား ၊ ဖုန်း ၊ နာရီချွှတ်ယူသွားပေမယ့် ဆိုင်ကယ်ကိုတော့ မယူသွားခဲ့ဘူးလို့ ပြောပါတယ်။ ဖမ်းဆီးချည်နှောင်ထားတဲ့အချိန်မှာလည်း မျက်နှာကို ဓားနဲ့ခြစ်ခဲ့တာလို့ အဆိုပါ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
မျက်နှာအုပ်ထားသူက သေနတ်ကို ကိုင်ဆောင်ထားပြီး အဲ့ဒီ သေနတ်အမျိုးအစားက လက်လုပ်သေနတ် ပွိုင့်တူးတူး ဖြစ်နိုင်သလို တိုက်ပွဲမှာ အသုံးပြုတဲ့ သေနတ်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် အဲ့ဒီအချိန်က သတိမေ့လုနီးပါး ဖြစ်နေတဲ့အနေအထားကြောင့် လက်နက်အသေးစိတ်ကိုတော့ အတည်မပြုနိုင်ဘူးလို့ ပြောပါတယ်။
အခုလို ဓါးပြတိုက်ခံရတဲ့ ဖြစ်စဉ်အပေါ် တရားခံကို ဖမ်းမိပြီး အမှုမှန်ပေါက်ဖို့ တောင်းဆိုထားသလို ခရီးသွားလာတဲ့အခါ သတိထားပြီး သွားလာကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ယခုရက်ပိုင်းအတွင်း ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ သတ်ဖြတ်ခံရတဲ့အမှု ၊ ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ်တွေကြောင့် လုံခြုံရေးအရ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဓါတ်ပုံ – ကန္တာရဝတီတိုင်း (မ်)




