spot_img
14.8 C
Loikaw
Tuesday 20, January 2026
spot_img
Home၂၀၂၅ ရွေးကောက်ပွဲဒီးမော့ဆိုနဲ့ ဖရူဆိုမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရ ၊ မဲပေးသူအရေအတွက် ၃၀၀၀ ကျော် ရှိခဲ့ကြောင်းဆို

ဒီးမော့ဆိုနဲ့ ဖရူဆိုမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရ ၊ မဲပေးသူအရေအတွက် ၃၀၀၀ ကျော် ရှိခဲ့ကြောင်းဆို

-

ကန္တာရဝတီတိုင်း (မ်)

စစ်ကော်မရှင် ဦးဆောင်ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပခဲ့တဲ့ ကရင်နီပြည်၊ ဒီးမော့ဆို နဲ့ ဖရူဆို မြို့နယ်မှာ မဲပေးခဲ့သူ အရေအတွက် ၃၀၈၅ ဦးသာရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ လက်အောက်ခံ မြန်မာ့အလင်းသတင်းစာက ဖော်ပြပါတယ်။

သတင်းစာပါအချက်အလက်အရ ဒီးမော့ဆိုမှာ မဲအရေအတွက် ၂၀၃၄ မဲရှိပြီး ကြိုတင်မဲ ၁၁၀၉ မဲ နဲ့ မဲရုံမဲ ၉၂၅ မဲ ရှိတဲ့အနက် ကြံ့ခိုင်ရေးပါတီက ၁၄၂၃ မဲနဲ့ အနိုင်ရထားပါတယ်။

ဖရူဆိုမြို့နယ်မှာတော့ မဲအရေအတွက် ၁၀၅၁ မဲရှိပြီး ကြိုတင်မဲ ၇၅၆ မဲ၊ မဲရုံမဲ ၂၉၅ မဲ ရှိတဲ့အနက် ကြံ့ခိုင်ရေးပါတီက ၉၁၇ မဲနဲ့ အပြတ်အသတ်အနိုင်ရတယ်လို့လည်း ဖော်ပြပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ အရွေးခံတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသမီးကိုယ်စားလှယ် ဒေါ်မော်မော်နိုင်က ပြည်သူ့လွှတ်တော်နေရာကို အနိုင်ရထားပြီး ဖရူဆိုမြို့နယ်မှာတော့ ကြံ့ခိုင်ရေးပါတီ ဦးဆားရယ်က ပြည်သူ့လွှတ်တော်နေရာကို အနိုင်ရထားတယ်လို့ UEC က ထုတ်ပြန်ပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာတော့ စစ်ဘေးရှာင်လူထု ၂ သိန်းဝန်းကျင် ရှိနေပေမယ့် စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကို ၎င်းတို့ထိန်းချုပ်ထားတဲ့ တပ်စခန်း အနီးတဝိုက်မှာသာ ပြုလုပ်ခဲ့တာပါ။ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေမှာရှိတဲ့ လူထုတွေကတော့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိသလို မဲထည့်ခွင့်လည်း မရကြပါဘူး။

တစ်ဖက်မှာလည်း ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်မှာ ရွေးကောက်ပွဲ ဘယ်လိုပုံစံနဲ့ ကျင်းပသွားသလဲ ဆိုတာကို ဒေသခံလူထုအများစုက မသိရှိကြပါဘူး။

“ဒီမှာကျ ဘာမှမထူးဆန်းပါဘူး။ ပုံမှန်ပါပဲ။ ရွေးကောက်ပွဲရှိတယ်ဆိုပြီးတော့ စိတ်ဝင်တစားနေကြတဲ့ သူတွေလည်းမရှိဘူး။ အဲ့ဒါရွေး‌ကောက်ပွဲ ဘယ်လိုလုပ်သွားလဲတောင် မသိဘူးပေါ့နော” လို့ ဒီးမော့ဆိုမြို့နယ် ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

UEC ကထုတ်ပြန်တဲ့ အပိုင်း ၂ ရွေးကောက်ပွဲရလဒ်အရ မြို့နယ်နှစ်ခုမှာ ကယားပြည်နယ်ပြည်သူ့ပါတီက ဒုတိယ နေရာနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက တတိယနေရာ အသီးသီး ရထားကြပါတယ်။

UEC ရဲ့ အချက်အလက်အရ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း ၂ ကျင်းပတဲ့ မြို့နယ် ၂၀၆ ခုမှာ ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၄၆ အထိ အနိုင်ရထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ