spot_img
27.6 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းမယ်စဲ့အကျဥ်းထောင်ကနေ ထွက်ပြေးတဲ့ စစ်သုံ့ပန်းတစ်ဦးကို ထိုင်းမှာ ဖမ်းမိ

မယ်စဲ့အကျဥ်းထောင်ကနေ ထွက်ပြေးတဲ့ စစ်သုံ့ပန်းတစ်ဦးကို ထိုင်းမှာ ဖမ်းမိ

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက်၊ မယ်စဲ့မြို့နယ်မှာရှိတဲ့ အကျဥ်းထောင် အမှတ် ၂ ကနေ ထောင်ဖောက် ထွက်ပြေးသွားတဲ့ အကျဥ်းသား ၈၆ ဦးထဲက တစ်ဦးကို ထိုင်းနိုင်ငံမှာ ဖမ်းဆီးမိထားတယ်လို့ Konlanna (ခွန်လမ်နာ) ထိုင်းသတင်းဌာနက ဒီကနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ သတင်းဖော်ပြပါတယ်။

ထိုင်းက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းက ဒုဗိုလ်မှူးအဆင့်ရှိတဲ့ မြန်မာ့တပ်မတော်သား ဖြစ်ပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ပြည်နယ်၊ ခွန်ယွန်းခရိုင်၊ ပရာတုရဲစခန်းမှာ ချုပ်နှောင်ထားခဲ့တယ်လို့လည်း ပြောထားပါတယ်။

အဆိုပါ စစ်သုံ့ပန်း အကျဉ်းသားကို ယမန်နေ့ ဇန်နဝါရီလ ၁၈ရက်နေ့၊ ညနေပိုင်း ၅ နာရီဝန်းကျင်မှာ ဖမ်းဆီးရမိပြီးနောက် နိုင်ငံတကာဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်ဖို့ ဒေသခံထိုင်းစစ်တပ်ဆီကို လွှဲပြောင်းပေးလိုက်ပြီလို့လည်း သတင်းက ဖော်ပြပါတယ်။

မြန်မာကိုပြန်လည်လွှဲပြောင်းပေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ နောက်ထပ် စစ်သုံ့ပန်း အကျဉ်းသား ၁၀ ဦးကလည်း ထိုင်းအာဏာပိုင်ဆီကို လက်နက်ချဖို့ ဆက်သွယ်ထားတယ်လို့လည်း သတင်းမှာ ပြောထားပါတယ်။ အဲ့ဒီချိတ်ဆက် ဆက်သွယ်မှုတွေကို ပွဲစားတယောက်က လုပ်ပေးခဲ့တာလို့လည်း သတင်းမှာပြောထားပါတယ်။

နိုင်ငံတကာ စစ်ဥပဒေအရ တိုင်းတပါးဆီမှာ လက်နက်ချတဲ့ စစ်သုံ့ပန်းတစ်ဦးကို မိခင်တပ်ဆီ ပြန်ပို့ရတာကြောင့် အခုလက်ရှိ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းအကျဉ်းသားကိုလည်း ထိုင်းအာဏာပိုင်တွေက ပြန်ပို့နိုင်တယ်လို့ ကရင်နီပြည်တပ်မတော် (KA) ဒုစစ်ဦးစီးချုပ်၊ ဒုဗိုလ်မှူးချုပ် ဘုန်းနိုင် က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“ထိုင်းရောက်သွားရင် ပြန်ပို့ဖို့ပဲရှိမယ်လေး။ ခါတိုင်းလည်း ဒီလိုပဲလုပ်တာပဲလေး”လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား (၈၆) ဦးကို လက်ရဖမ်းဆီးဖို့အတွက် နယ်မြေခံတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

မနေ့က လိုက်လံဖမ်းဆီးနေတုန်းမှာလည်း ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ကန္တာရဝတီတိုင်း ( မ် ) ကို ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ပြောဆိုထားပါတယ်။

“ နံပါတ်တစ် တချက်က နယ်မြေမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ပြန်လည်ပြီးတော့မှ လက်ရဖမ်းဆီးနိုင်ရေးအတွက် လုပ်နေတယ်။ တချို့နေရာတွေမှာ ထိတွေ့ပစ်ခတ်မှုတွေရှိတယ်။ သိရသလောက် သူတို့အုပ်စုကွဲသွားပြီးတော့မှ လိုက်လံဖမ်းဆီးတဲ့အခါမှာ ပစ်ခတ်မှုတွေ ကြုံတွေ့ရတာရှိတယ်။ အခုချိန်ထိကတော့ ထိခိုက်မှုအခြေအနေကိုတော့ ကျနော်တို့ သေသေချာချာမသိရသေးဘူး” လို့ ဦးဗညားက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း ထွက်ပြေးလွှတ်မြောက်သွားတဲ့ အကျဥ်းသားတွေ ထိခိုက်မှုအခြေအနေကို ကန္တာရဝတီတိုင်း (မ်) အနေနဲ့ သီးခြား အတည်မပြုနိုင်‌သလို သက်ဆိုင်ရာကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ