ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ရွှေညောင်ကုန်းစစ်ဘေးရှောင်စခန်းက စစ်ရှောင်လူထုတွေဖြစ်တဲ့ ကျောင်းသူ၊ ကျောင်းသားအပါအဝင် သက်ကြီးပိုင်းတွေဟာ အရေပြားယားယံမှု ဖြစ်ပွားနေပြီး ယခုတပတ်အတွင်း ပိုမိုအဖြစ်များလာတဲ့အတွက် ဆေးဝါးအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်တာဝန်ရှ်ိသူတစ်ဦးက ပြောပါတယ်။
“ယားနာတစ်ခုတော့ စစ်ရှောင်ရော၊ ရွာသားရော အကုန်လုံး ယားနာတယ်လေး။ အရည်ဖုတွေ တော်တော်ထွက်ကြတယ် အဲလိုမျိုး။ ကျောင်းသူ၊ ကျောင်းသား တွေက အကုန်လုံး ယားနာနေကြတယ်”လို့ စစ်ဘေးရှောင် တာဝန်ရှ်ိသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ဘေးရှောင်မိသားစုတွေဟာ ဆေးဝါးကို စစ်ရှောင်မှာရှိတဲ့ ကျန်းမာရေးဆေးပေးခန်းကနေ အကူအညီတွေ ရရှိကြပေမယ့် ဆေးဝါးလုံလောက်မှုမရှိလို့ ဆေးတစ်ဘူးကို နှစ်ယောက် မျှသုံးနေရတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နီးစပ်ရာ ဆေးမီးတိုတွေနဲ့ ကုသတာတွေ ပြုလုပ်နေကြတယ်လို့ ပြောပါတယ်။
ယခင် ၂၀၂၃-၂၀၂၄ ခုနှစ်တွေမှာတော့ လူမှုအသင်းအဖွဲ့တွေဆီကနေ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အသုံးအဆောင်တွေကို အကူအညီရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးမှာတော့ အကူအညီ မရရှိကြတော့ဘူးလို့ ဆိုပါတယ်။
“အခုက အဖွဲ့စည်းတစ်ခုမှ မလာတော့ဘူးဆိုတော့ တော်တော်လေး အခက်အခဲ ကြုံတွေ့နေရတယ်။” လို့ စစ်ရှောင်ကော်မတီ တစ်ဦးက ဆက်ပြောပါတယ်။
တောင်ပေါ်ဒေသဖြစ်တဲ့အတွက် ဆောင်းကာလ အအေးပိုတာ ရေအချိုးနည်းတာတွေကြောင့်လည်း လက် နဲ့ ပေါင် တွေမှာ ပိုမိုဖြစ်ပွားနေပြီး ခန္ဓာကိုယ်တစ်ခုလုံး ယားယံမှု ဖြစ်နေကြတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
ရွှေညောင်ကုန်းစစ်ဘေးရှောင်စခန်းမှာတော့ အိမ်ခြေ ၇၃ အိမ်ရှိပြီး၊ ဒေသခံနဲ့ စစ်ဘေးရှောင်အပါအဝင် ကျောင်းသူ/သား ၃၅၅ ဦး ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါစစ်ရှောင်စခန်းမှာတော့ အများစုဟာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို မြို့ပေါ်ကနေ ရွေ့ပြောင်းတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။




