spot_img
28.6 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းထိုခွီဆိုကျေးရွာမှာ စစ်ရှောင်အပါဝင် ရွာခံတွေ ရာသီတုပ်ကွေး ဖြစ်ပွားသူ ၁၀၀ ဝန်းကျင်ရှိ

ထိုခွီဆိုကျေးရွာမှာ စစ်ရှောင်အပါဝင် ရွာခံတွေ ရာသီတုပ်ကွေး ဖြစ်ပွားသူ ၁၀၀ ဝန်းကျင်ရှိ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက ထိုခွီဆိုကျေးရွာမှာ စစ်ရှောင်အပါအဝင် ကျေးရွာခံတွေ ရာသီတုပ်ကွေး ဖြစ်ပွားသူ ၁၀၀ ဝန်းကျင်ရှိတယ်လို့ ဖွံဘော်ခွတ်မြို့နယ်၊ ကျန်းမာရေးဦးစီးအရာရှိ ဒေါ်ဂျူးလစ်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ ထိုခွီဆိုမှာ လူနာများတယ်ပြောတော့ Mobile ထွက်တာပေါ့နော်။ ထိုခွီဆိုမှာက ရာသီတုပ်ကွေးပုံစံမျိုးပေါ့ တော်တော်ဖြစ်နေတယ်။ မိုဘိုင်း ဆင်း သွားတာတော့ လူနာ ၁၀၀ လောက်က ရာသီတုပ်ကွေးဖြစ်နေတာ။”လို့ ဒေါ်ဂျူးလစ်က ဆိုပါတယ်။

အမျိုးသား ၊ အမျိုးသမီး ၊ ကလေး ၊ လူငယ် စတဲ့ အသက်အရွယ် ပေါင်းစုံဖြစ်ပွားနေပြီး ဆေးဝါးလိုအပ်ကြောင်း တင်ပြတောင်းခံလာမှုကြောင့် ကျန်းမာရေးအဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ကျန်းမာရေးဝန်ဆောင်မှုပေးခဲ့တာပါ။ လာရောက်ပြသတဲ့သူတွေထဲ ရာသီတုပ်ကွေးဖြစ်ပွားသူက ၁၀၀ ဝန်းကျင် ရှိတယ်လို့ ဒေါ်ဂျူးလစ်က ဆိုပါတယ်။

ဖရူဆိုမြို့နယ် အနောက်ခြမ်းက ကျေးရွာတချို့မှာလည်း ယခု ဇန်နဝါရီလအတွင်း ရာသီတုပ်ကွေးအပြင် အရေပြားယားယံတာ ၊ ရေကျောက်ရောဂါဖြစ်ပွားနေကြပြီး သက်သာပျောက်ကင်းသူရှိသလို တချို့ကလည်း ဖြစ်ပွားနေဆဲပဲလို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်အပြင် ကျေးရွာခံတွေ ဖြစ်ပွားနေတဲ့ ရောဂါတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေကို IEC ကျန်းမာရေးဌာန ၊ အလှူရှင်အဖွဲ့အစည်းထံကနေ ရယူထားတယ်လို့ ဆိုပါတယ်။

ရာသီဥတုအကူးအပြောင်းကာလမှာ ရာသီတုပ်ကွေး အပြင် တခြား ရောဂါ ကူးစက်ဖြစ်ပွားမှု များပြားလာပါက ဆေးဝါးလိုအပ်ချက်လည်း များလာနိုင်တယ်လို့ ဒေါ်ဂျူးလစ်က ဖြည့်စွက်ပြောဆိုထားပါတယ်။ လက်ရှိ ရာသီတုပ်ကွေးဖြစ်နေကြတဲ့ ထိုခွီဆို ကျေးရွာမှာ စစ်ရှောင် နဲ့ ရွာခံ လူဦးရေ စုစုပေါင်း ( ၆၆၅ ) ဦးရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ