ကန္တာရဝတီတိုင်း ( မ် )
စစ်ရှောင်လူထုတွေ ရေရှည် စားဝတ်နေရေးအတွက် ဖူလုံစေဖို့နဲ့ စိတ်ခံစားမှု သက်သာစေဖို့ ရည်ရွယ်ချက်နဲ့ တပိုင်တနိုင် ဝက်မွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့တယ်လို့ Jobs For Kayah စစ်ရှောင်ကူညီရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
ကရင်နီပြည်မှာ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စစ်ရှောင်လူထုတွေရဲ့ လိုအပ်ချက် များပြားနေဆဲဖြစ်ပြီး အလှူရှင်အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုအားနည်းလာတာတွေ ရင်ဆိုင်နေကြတာကြောင့် ပထမဆုံးခြေလှမ်းအနေနဲ့ စစ်ရှောင်စခန်း ၂ ခုမှာ တပိုင်တနိုင် ဝက်မွေးမြူရေးကို စတင်ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
“တကယ်တမ်း ကျနော်တို့ ခန့်မှန်းသလိုမျိုးပေါ့နော် ကျနော်တို့လုပ်ချင်သလိုမျိုး စိုက်ပျိုးရေး၊ မွေးမြူရေးကို လုပ်နိုင်မယ်ဆိုလို့ရှိရင် ဖြစ်ထွန်းမယ်ဆိုရင်ပေါ့နော် အောင်မြင်မယ်ဆိုရင်တော့ စစ်ဘေးရှောင်တွေရဲ့ အကျိုးခံစားခွင့်က တခုတည်းမဟုတ်ဘူးပေါ့နော်။ ဥပမာ ပြောရမယ်ဆိုရင် သူတို့စိတ်မလေတော့ဘူး နေအိမ်ကိုလွမ်းတာ နောက် ဝမ်းနည်းပူဆွေးမှု တွေ သက်သာ စေမယ်။အလုပ်ကိုင်ရှားပါးမှုကို ကာမိစေတယ်ပေါ့နော်။”လို့ Jobs For Kayah အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ရှောင်စခန်း ၁ နေရာစီအတွက် ဝက်သားပေါက် ၅ကောင်စီ ဝယ်ပေးကာ ငွေကြေးအားဖြင့် မြန်မာငွေကျပ် ၃၅ သိန်းနဲ့ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အလှူရှင်အားနည်းမှု၊ ငွေကြေးအဆင်မပြေမှုတွေကြောင့် စစ်ရှောင်စခန်း ၂ခုအတွက် ဝက် ၁၀ကောင် နဲ့သာ အစပြုနိုင်သေးတယ်လို့ ပြောပါတယ်။ ဝက်မွေးမြူရေးအပြင် အခြားသော စစ်ရှောင်တွေအတွက် အထောက်အကူဖြစ်စေနိုင်မယ့် စိုက်ပျိုးရေးကိုပါ လုပ်ဆောင်ပေးနိုင်ဖို့ အကူညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ Jobs For Kayah အဖွဲ့တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။
ဝက်မွေးမြူရေးကနေ ရရှိလာမယ့် အကျိုးအမြတ်ကနေ စစ်ရှောင်တွေ စားနပ်ရိက္ခာဝယ်ယူနိုင်ဖို့ နဲ့ ဝက်မျိုးပွားရေးကို စစ်ရှောင်ကော်မတီကနေ တာဝန်ယူ စီမံဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိ ဆောင်ရွက်ပေးခဲ့တဲ့ စစ်ရှောင်စခန်းနှစ်ခုဟာ လွိုင်နန်းဖမြို့နယ်အတွင်းကဖြစ်ပြီး စစ်ရှောင်စခန်းတစ်ခုကို အိမ်ထောင်စု ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။





