ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသက အနည်းဆုံး နေရာ ၂ ခုကို ဒီကနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်မှာ စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်ချီးဒေသက ခဲကျင်းလုပ်တဲ့ နေရာအနီးအနားကိုလည်း လေယာဉ်နဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး လက်နက်ငယ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အရင်ရှေ့ရက်တွေက ကင်းထောက် လေယာဥ်တွေဝဲတယ်။ ဒီရက်ကျ ကင်းထောက်လဲမလာဘူးဆိုတော့ အခြေနေက ငြိမ်နေတဲ့ချိန်ကော ဘယ်နေရာမဆို လူစည်တယ်။ အလုပ်နဲ့ သတိမထားကြမိဘူး။တခါတည်း လာကြဲချသွားတာ။ ပြီးတော့ စက်သေနတ်လား မခေါ်တတ်ဘူး အဲ့ဒါတွေနဲ့ပစ်ချတာ။ ဆက်တိုက်ပစ်ချတာ။ နားမထောင်ရဲတဲ့ထိပဲ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒီကနေ ညနေပိုင်း ၄ နာရီ ၅ မိနစ် ကနေ ၄ နာရီ ၁၅ မိနစ်ထိ အဆက်မပြတ် လေယာဉ်ပေါ်ကနေ လက်နက်တွေနဲ့ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုအတွင်း အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို အအောက်အအုံ ၊ နေအိမ် ပျက်စီးမှုလည်း ရှိခဲ့တယ်လို့ နောက်ထပ် ဒေသခံတဦးက အခုလို ပြောပါတယ်။
“တစ်ယောက်ထိတယ်တော့ ပြောတယ်။ ဆုံးပြီလားမသိဘူး။ ရင်ဘတ်ဖြောင်သွားတယ်” လို့ သူကဆိုပါတယ်။
ဒေသခံတွေရဲ့ထိခိုက်မှုအခြေအနေကို ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ မေးမြန်းနေဆဲဖြစ်ပြီး အသေးစိတ်ကို မသိရှိရသေးပါဘူး။
ခဲသတ္တုထွက်ရှိတဲ့ မော်ချီးဒေသကို စစ်ကော်မရှင်တပ်က အာဏာသိမ်းပြီးတဲ့နောက် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တဲ့အကြိမ်ရေ ၂၀ ထက်မနည်းရှိနေပြီး အရပ်သားသေဆုံးမှုလည်း များပြားခဲ့ပါတယ်။




