ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည် ၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသ တနေရာကို စစ်ကော်မရှင်က ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက် ၁ နာရီဝန်းကျင်အချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက် (၇၀) ကျော်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” အဖီး ( အဖွား ) တစ်ယောက်ဆုံးတယ် အသက်က ၇၀ ကျော်ပြီထင်တယ်၊ သုံးယောက် ဒဏ်ရာရတယ် လေယာဉ်ကြဲတာ။”လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးကြဲမှုအတွင်း လူနေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ညက အသံတော့ကြားလိုက်တယ်။ လေယာဉ်လာတာနဲ့ ကျင်းပုန်းထဲ ခုန်ဝင်လိုက်တာ “ဂလိန်” ဆိုပြီး တစ်ချက်တော့ ကြားသွားတာပဲ။” လို့ နောက်ထပ် မော်ချီးဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၃၀)ရက်နေ့ကလည်း စစ်ကော်မရှင်က မော်ချီးဒေသက နေရာ ၂ ခုကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုအတွင်း တဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မော်ချီးဒေသအတွင်းကို မကြာခဏ လေယာဉ်နဲ့ဗုံးကြဲနေတာကြောင့် လူထုတွေ စိုးရိမ်ထိတ်လန့်နေရကြပါတယ်။




