ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စာသင်ကျောင်းတချို့မှာ ကျောင်းနေကလေးတွေ ယားနာမှု ဖြစ်ပွားတာ မပျောက်ကင်းသေးဘူးလို့ ကျောင်းဆရာမတွေက ပြောပါတယ်။
ယားယံမှုကို ကျောင်းနေကလေးတွေကနေ စတင်ဖြစ်ပွားတာဖြစ်ပြီး စစ်ရှောင်စခန်းမှာလည်း အသက်အရွယ်မရွေး အရေပြားယားယံမှုကို ခံစားနေကြရတယ်လို့ ကျောင်းဆရာမတဦးက အခုလို ပြောပါတယ်။
“ဖြစ်တာတော့ အသက်အရွယ် မရွေးဘူး။ ကလေးငယ်တွေကနေ စဖြစ်တယ်။ ကျောင်းသား/သူ ဦးရေရဲ့ ၃ ပုံ ၂ ပုံ နီးပါး လောက်က ဖြစ်တယ်။ ဖြစ်လိုက်ပျောက်လိုက်ပေါ့။ တချို့ ကျောင်း မနေသေးတဲ့ ကလေးတွေလည်း ဖြစ်တယ်။ လူကြီးတချို့မှာလည်း ဖြစ်တယ်” လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။

အဲ့ဒီစာသင်ကျောင်းမှာ ကျောင်းသား ၂၆ ဦးရှိပြီး အရေးပြားယားယံမှုဖြစ်ပွားသူ ၁၀ ဦးကျော်ရှိကာ မပျောက်ကင်းနိုင်သေးဘူးလို့ ပြောပါတယ်။
အထက်တန်းအဆင့် ဖွင့်လှစ်ထားပြီး ကျောင်းသားဦးရေ ၂၀၀ နီးပါးရှိတဲ့ နောက်ထပ်ကျောင်းတကျောင်းမှာလည်း ကျောင်းသားတချို့ ယားယံမှုဖြစ်ပွားတာ ကြာမြှင့်နေပြီလို့ ကျောင်းတာဝန်ခံ ဆရာမတဦးက ပြောပါတယ်။ ဒါ့အပြင် စစ်ရှောင်စခန်းမှာလည်း ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေတချို့ ဖြစ်ပွားနေကြသလို တစ်ကိုယ်ရေသန့်ရှင်းရေး ကရုစိုက်နိုင်သူတွေက သက်သာပျောက်ကင်းကြတယ်လို့ ဆိုပါတယ်။
“ယားနာမှုတွေ ဖြစ်ပွားတာကြာပြီ။ လက်ရှိမှာတော့ ကလေးငယ်တွေ နဲ့ အဖွားအိုတွေကျန် နေသေးတယ်။ ကိုယ်ခံအားကောင်းတဲ့သူတွေ ၊ သန့်ရှင်းရေး ကရုစိုက်နိုင်တဲ့သူတွေက ပျောက်တယ်” လို့ ကျောင်းတာဝန်ခံ ဆရာမတဦးက ပြောပါတယ်။
အရေပြားယားယံမှုဖြစ်ပွားသူတွေဟာ လက်ချောင်း ၊ လက် ၊ နား ၊ ကျောပြင်တွေမှာ အရေကြည်ဖုထွက်တာ ၊ အနီစက်ထွက်တာ စတဲ့ ယားယံမှု လက္ခဏာဖြစ်ပွားနေကြပြီး ထပ်မံ ကူးစက်မှုမရှိစေဖို့ တကိုယ်ရေ သန့်ရှင်းရေးကို သေချာကရုစိုက်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေး ဆရာမတဦးက အခုလို မှတ်ချက်ပြုပါတယ်။
“အဓိကတော့ တကိုယ်ရည်သန့်ရှင်းရေးက အရေးကြီးဆုံး ဖြစ်တယ်။ အဝတ်အစားတွေကော သေချာလျှော်ဖွတ်ရမယ်။ နေပူသေချာလှန်းရမယ်။ စောင်တွေကောပေါ့။ တစ်ခါတလေ ရေနွေးနဲ့ စိမ်ပေးနိုင်ရင်ပိုး ပိုသေတယ်” လို့ ကျန်းမာရေး ဆရာမတဦးက ပြောပါတယ်။
စာသင်ကျောင်းတွေမှာ ကလေးတွေ ယားယံမှု ကူးစက်မှုရှိခဲ့တာကြောင့် ခေတ္တ ကျောင်းပိတ်လိုက်ရတဲ့ အခြေအနေတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို အရေပြားယားယံမှုကို ဒီးမော့ဆိုအရှေ့ခြမ်းအပါဝင် တခြား မြို့နယ်က စစ်ရှောင်စခန်း ၊ ကျေးရွာတချို့မှာလည်း သက်သာပျောက်ကင်းသွားတာမျိုးမရှိဘဲ မကြာခဏ ပြန်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။




