spot_img
23.3 C
Loikaw
Wednesday 11, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတချို့မှာ ကြက်နာကျရောဂါ ကူးစက်ပြန့်ပွားနေပြီး သေဆုံးမှုရှိနေ

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတချို့မှာ ကြက်နာကျရောဂါ ကူးစက်ပြန့်ပွားနေပြီး သေဆုံးမှုရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတချို့မှာ ကြက်နာကျရောဂါ ကူးစက်ပြန့်ပွားနေပြီး သေဆုံးမှုတွေရှိနေတာကြောင့် ဆုံးရှုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက အိမ်မှာမွေးမြူထားတဲ့ ကြက်တွေ အနာကျပြီး ကူးစက်မှုရှိနေတယ်လို့ တနိုင်တပိုင် ကြက်မွေးမြူတဲ့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“ကြက်နာကျတာ ဖြစ်နေတာကြာပြီ။ ဟိုဘက်ရပ်ကွက် (၁) က ဖြစ်ရင် ဒီဘက်ရပ်ကွက် (၃) မှာက မဖြစ်ဘူး။ ပြီးရင်ခဏ ပြန်ငြိမ်သွားတယ်။ ပြီးကျရင်တော့ မဖြစ်သေးသေးတဲ့ရပ်ကွက်တွေ ပြန်စဖြစ်ပြန်တယ်။ ကြက်ကရှိလာပါပြီဆိုရင် ကြက်နာက ပြန်ကျလာပြီ။ ဒီလိုနဲ့ ကြက်အမျိုးကို မရှိလာနိုင်တော့ဘူး” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ဒေသခံတွေအပြင် စစ်ဘေးရှောင်တွေဟာ ကြက်ကို စီးပွားဖြစ် မွေးမြူကြတာ မဟုတ်ဘဲ ကလေးတွေ အသားဓါတ်၊ အာဟာရဓါတ် ရရှိဖို့ နဲ့ ရိုးရာအရ ကြက်ရိုးထိုးတာတွေအပြင် သာရေး၊ နာရေးပွဲတွေမှာ အသုံးပြုကြတာကြောင့် အခုလို ကြက်နာကျပြီး သေဆုံးနေတာက ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောပါတယ်။

ကျေးရွာတချို့တွေမှာ ကြက်နာကျတာ ပျောက်ကင်းမှုရှိနေပေမယ့် ရွာအများစုမှာတော့ ကူးစက်ပြန့်ပွားမှုရှိနေဆဲပဲလို့ ဒေသခံအမျိုးသားတဦးက အခုလိုပြောပါတယ်။

” တချို့ကျေးရွာတွေမှာတော့ မရှိတော့ဘူး။ ဒါပေမယ့် တချို့တွေမှာတော့ ကြက်နာကျမှုတွေက ဆက်လက် ဖြစ်နေကြသေးတယ်” လို့ ဒေသခံ အမျိုူးသားတဦးက ပြောပါတယ်။

ဒေသခံနဲ့ စစ်ဘေးရှောင်တွေဟာ ဒီလို ကြက်နာကျတာကို နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရပြီး နားလည် တတ်ကျွမ်းတဲ့ တိရိစ္ဆာန် ဆေးကုသသူ မရှိတာကြောင့် ကြက်သေဆုံးမှု ပိုမျာနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ နာမကျန်း ကြက်တွေကို သီးခြားခွဲထားပြီး ကာကွယ်ဆေးထိုးနှံပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ မွေးမြူရေးနှင့် ကုသရေးဌာနကနေ ဒီးမော့ဆိုအရှေ့ခြမ်းမှာ ကြက်ကာကွယ်ဆေးထိုးနှံပေးခဲ့ပေမယ့် ကျေးရွာအားလုံးကို လွှမ်းခြုံနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ