Homeသတင်းခြေတုလိုအပ်နေတဲ့ KNDF တပ်ဖွဲ့ဝင် ၂၅ ဦးကို ကူညီဆောင်ရွက်သွားမယ်လို့ 21 CM ဆို

ခြေတုလိုအပ်နေတဲ့ KNDF တပ်ဖွဲ့ဝင် ၂၅ ဦးကို ကူညီဆောင်ရွက်သွားမယ်လို့ 21 CM ဆို

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ တော်လှန်ရေးကာလအတွင်း ခြေလက်အင်္ဂါ ပေးဆပ်ခဲ့ရတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေး(KNDF) တပ်ရင်းအသီးသီးက တပ်ဖွဲ့ဝင် ၂၅ ဦးအတွက် ခြေတုရရှိဖို့ ကူညီဆောင်ရွက်သွားမယ်လို့ 21st Century Martyrs (၂၁ ရာစု အာဇာနည်များ) အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

KNDF တပ်ရင်းအသီးသီးက ခြေတုရရှိဖို့ အကူအညီလိုအပ်နေတဲ့ တပ်ဖွဲ့ဝင် ၃၀၀ ကျော်ရှိပြီး ရဲဘော်၂၅ ဦးအတွက် တာဝန်ယူ ဆောင်ရွက်သွားဖို့ ရှိတယ်လို့ တော်လှန်ရေးမှာ ထောက်ပို့အပိုင်း ဆောင်ရွက်နေတဲ့ 21 CM က ဆိုပါတယ်။

“ KNDF ဗဟိုကျန်းမာရေးဌာနမှ ဦးစားပေး တင်ပြလာတဲ့ ရဲဘော် ၂၅ယောက် ကို တာဝန်ယူပေးဖို့ confirm (အတည်ပြု ) ထားပါတယ်။ ကုန်ကျငွေကတော့ ထိုင်းငွေ ဘတ် ၆ သိန်းခွဲ။ မြန်မာငွေနဲ့က သိန်း ၉၀၀ နီးပါးဖြစ်ပါတယ်။”လို့ 21 CM အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

KNDF ဗဟိုကျန်းမာရေးဌာနက ဦးစားပေး တင်ပြလာတဲ့ အကူအညီတောင်းခံစာကြောင့် အခုလို ကူညီဆောင်ရွက်မှု လုပ်ဆောင်တာဖြစ်ပြီး KNDF တပ်ရင်းအတွက် ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းယူမှုကြောင့် လူငယ်တွေအများစုက လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်လျှောက်လှမ်းလာခဲ့ကြရင်း အသက်ပေးဆပ်ခဲ့သူ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့သူတွေ များစွာ ရှိနေတာပါ။

အာဏာသိမ်းကာလ ၅ နှစ်ဝန်းကျင်မှာတော့ စစ်ကော်မရှင်ကို တော်လှန်တိုက်ခိုက်ရင်း တော်လှန်ရေးရဲဘော် (၅၀၀) ကျော် ကျဆုံးခဲ့ရပြီး ရာနဲ့ချီ ထိခိုက်ဒဏ်ရာရရှိတဲ့အကြောင်းကိုလည်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူးရီးဒူက ပြောဆိုထားတာရှိပါတယ်။

နယ်မြေ အသီးသီးက တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ ခြေတု မရရှိသေးတဲ့ ရဲဘော်တွေအတွက် အခုလို အကူအညီတောင်းခံစာနဲ့ တိုက်ရိုက်ပေးပို့ ဆက်သွယ် အကြောင်းကြားနိုင်တယ်လို့ 21CM က အသိပေးထားပါတယ်။ တောင်းခံလာတဲ့စာရင်းကို 21 CM ရဲ့ ရွေးချယ်စိစစ်ရေး ကော်မတီက ပြန်လည်ရွေးချယ်ပြီး တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ