spot_img
30 C
Loikaw
Thursday 12, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖားဆောင်းမြို့ အနီးအနားထိ စစ်ကော်မရှင်တပ်တွေ ရောက်ရှိလာ

ဖားဆောင်းမြို့ အနီးအနားထိ စစ်ကော်မရှင်တပ်တွေ ရောက်ရှိလာ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဖားဆောင်းမြို့ကို ပြန်လည်ရရှိနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် က အပြင်းအထန် ထိုးစစ်ဆင်နေပြီး လက်ရှိမှာတော့ ဖားဆောင်းမြို့ အနီးအနားကို ရောက်ရှိလာပြီလို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ယမန်နေ့ ညနေပိုင်းမှာ စစ်ကော်မရှင်တပ်ဟာ ဖားဆောင်းမြို့ အနီးက နန်းကစ်ကျေးရွာအနီးနားကို ရောက်ရှိလာပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့က ညနေပိုင်း အခြေအနေထိတော့ နန်းကစ် နားထိ တော့ စစ်ကောင်စီတပ်တွေ ရောက်ပြီ။ ထိတွေ့ တိုက်ပွဲတွေလည်း နည်းနည်း ဖြစ်တယ်။ ဒါပေမယ့် ဖားဆောင်းထဲကို ဝင်မဝင်ကတော့ အတိအကျတော့ မပြောနိုင်သေးဘူး။ ဝင်ဖို့ကတော့ ရာခိုင်နှုန်းများတယ်။ အတိအကျတော့ မပြောနိုင်ဘူး” လို့ ရှေ့တန်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဘောလခဲမြို့နယ်ကနေ ဖားဆောင်းမြို့နယ်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။ တဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ ဘောလခဲမြို့နယ်အတွင်း ရဟတ်ယာဉ်တွေ အသုံးပြုပြီး လူအင်အားဖြည့်တင်းနေတာတွေ လုပ်ဆောင်နေတယ်လို့လည်း သူက ဆိုပါတယ်။

စစ်ကော်မရှင်တပ်က ဖားဆောင်းမြို့ကို ပြန်လည်ရရှိနိုင်ဖို့ အတွက် လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေ ၊ ဒရုန်းတွေနဲ့ နေ့စဉ် နီးပါး ပြုလုပ်နေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC) အတွင်းရေးမှုး – ၂ ဦးဗညားက အခုလို ပြောပါတယ်။

“သတင်းအချက်အလက်ကတော့ စစ်ကောင်စီတွေက ပါပု ကျေးရွာတွေ နားကို ရောက်နေပြီလောက်ပဲ ပြောလို့ရတယ်။ ဖားဆောင်းဝင်တာတော့ ပြောရခက်တယ်။ စစ်ကောင်စီတွေက ထိုးလာတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒရုန်းတွေ ၊ လက်နက်ကြီးတွေနဲ့ ဒီရက်ပိုင်း ပုံမှန် ပစ်နေတာတွေ ရှိတယ်” လို့ ဦးဗညားက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဖားဆောင်းမြို့ အနီးအနားမှာ ခရီးသွားလာမှုတွေကို အချိန်အကန့်အသတ်နဲ့ ခွင့်ပြုထားတာရှိပေမယ့် ဒီကနေ့မှာတော့ ယာယီ ပိတ်ထားတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ပိုင်းမှာလည်း ဖားဆောင်း၊ သံလွင်တံတား အနီးအနားကို စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး သွားလာနေကြတဲ့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်ခဲ့ရပါတယ်။

ကရင်နီပြည် ဖားဆောင်းမြို့နယ်မှာ အခြေစိုက်ထားတဲ့ စစ်ကော်မရှင်တပ်ရင်း ခလရ ( ၁၃၄ ) ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တုန်းက ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ရရှိထားပါတယ်။ လက်ရှိမှာတော့ နောက်ဆုံးလက်ကျန် ခလရ ၁၃၅ သာ ရှိပြီး ဖားဆောင်းမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကော်မရှင်က အပြင်းထန် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ