spot_img
24 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နန်းဖဲစစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ထိမှန်သေဆုံး

စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နန်းဖဲစစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ထိမှန်သေဆုံး

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဖရူဆို နဲ့ ဘောလခဲမြို့နယ်အစပ် ၊ နန်းဖဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေက လူထုရှိတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖြစ်စဉ်ကတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူဟာ အသက် ၄၀ ဝန်းကျင်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်တယ်လို့ဆိုပါတယ်။

ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း စစ်ကော်မရှင်တပ်သားတွေဟာ ကျေးရွာ နဲ့ စစ်ရှောင်စခန်းရှိရာနေရာတွေကို လက်နက်ကြီးအကြိမ်ရေ ၂၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

“အရပ်သားထိခိုက်မှုကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်ကတော့ ဆုံးသွားတယ် ရင်ဘတ်မှာထိပြီး ဖြောင်သွားတယ်။ မနေ့ညကတော့ (ဖေဖော်ဝါရီ ၁၅ရက် ) ဒရုန်းနဲ့လာကြဲတာ အမျိုးသားတယောက် ဒဏ်ရာရတယ် ဒဏ်ရာက နည်းနည်းပြင်းတယ်ပေါ့ ဆေးရုံကိုတော့ ပို့လိုက်ပြီ။” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး နန်းဖဲကျေးရွာနဲ့ အနီးအနားမှာ စစ်ကော်မရှင်တပ်သားတွေ ပြန်လည် တပ်စွဲထားပြီးနောက် လက်နက်ကြီး ၊ ဒရုန်းနဲ့ ဗုံးကြဲတာကို နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတာကြောင့် လူထုတွေ လုံခြုံရေးအရ သတိထားနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

“ လက်နက်ကြီးက တခါတလေ တရက်ဆိုရင် ၇ လုံး ၊ ၈လုံးပစ်တယ်။ တခါတလေလည်း ၂လုံး ၊ ၃ လုံး အဲ့လိုပဲပစ်တယ်။ တစ်ပတ်လုံးခြုံပြီးပြောရင်တော့ ၂၀ ၊ ၃၀ လောက်တော့ရှိတာပေါ့။ ဒရုန်းနဲ့ သပ်သပ် ကြဲတာလည်းရှိတယ်။” လို့ အဆိုပါ အမျိုးသားတဦးက ဆက်ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့မှုတစုံတရာမဖြစ်ပွားဘဲ စစ်ကော်မရှင်တပ်သားတွေက တစ်ဖတ်သတ် ပစ်ခတ်နေတဲ့အတွက် စစ်ဘေးရှောင်တွေဟာ လုံခြုံမယ်လို့ ယူဆရတဲ့ တခြားနေရာကို ထပ်မံတိမ်းရှောင်ကြသူလည်း ရှိတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ကစပြီး စစ်ကော်မရှင်တပ် စစ်ရေးလှုပ်ရှားမှုရှိနေတာကြောင့် ဒီးမော့ဆို – ဖရူဆို – ထားလဲ – နန်းဖဲ – ဘောလခဲ လမ်းမကြီးကို သွားလာခြင်းမပြုလုပ်ဖို့ ၊ မြေပြင်စစ်ရေးအခြေအနေအရ အရေးပေါ် အခြေနေအဖြစ် သတ်မှတ်ပြီး ရက်အကန့်အသတ်မရှိ လမ်းပိတ်ထားကြောင်း KNDF က အသိပေးထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ