ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းအချို့မှာ ရေရှားပါးမှုပိုမိုဆိုးရွားလာပြီး မိုးရာသီက သိုလှောင်ထားသော မိုးရေများ ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ရေရှိတဲ့နေရာတွေကနေ ကား၊ စက်ယာဉ်များဖြင့် သွားရောက်သယ်ယူအသုံးပြုနေရပြီး သယ်ယူစရိတ် ကြီးမြှင့်တဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
လက်ရှိမှာ သယ်ယူစရိတ်အနေနဲ့ ၅ ဂါလံ ရေတစ်ပုံးကို ၁၀၀၀ ကျပ်ကနေ၂၀၀၀ ကျပ် ပေးရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ သွားရောက်သယ်ယူရတဲ့ အခြေအနေ နဲ့ နေရာဒေသအပေါ် မူတည်ပြီး စျေးနှုန်းကွာခြားမှုရှိတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။
“အရင်တစ်ပတ်က နည်းနည်းပိုဝေးတဲ့နေရာက တစ်ထောင်လီတာ ခြောက်ပုံးသယ်တယ်။ အဲ့ဒါကို တစ်ပုံးကို ငါးသောင်း၊ ခြောက်သောင်း အဲ့လောက်ပေးရတယ်။ ဆိုတော့ ငါးဂါလံ တစ်ပုံးမှာ တစ်ထောင်ကျော်ကျော်လောက် ပေးရတာမျိုးရှိတယ်။ ဒီနောက်ပိုင်းမှာက ရေလည်း ပိုရှားလာတယ်။ ကားတွေကလည်း ပိုရှားလာတာမျိုးရှိတယ်။ လမ်းခရီးလည်း ပိုခက်ခဲလာတာမျိုးရှိတဲ့အခါကျတော့ ရေသယ်တဲ့နေရာမှာက တစ်ပုံးဘယ်လောက်လဲဆို အတိအကျ မပြောနိုင်ဘူးပေါ့။ ဝေးရင်ဝေးသလို၊ နီးရင်နီးသလို စျေးကွာသွားတာမျိုးရှိတယ်။ ပြီးရင် တချို့ကားသမားက တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ စျေးသက်သက်သာသာပေးရတဲ့ ကားတွေရှိသလို စျေးကြီးကြီးပေးရတဲ့ကားတွေလည်း ရှိတယ်။” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။
စစ်ဘေးရှောင်တွေကနေ အကူအညီတောင်းပြီး ရရှိလာတဲ့ တနိုင်တပိုင် အလှူရှင်တွေဆီက ငွေကြေးအထောက်အပံ့တွေနဲ့ ရေသယ်ယူရတဲ့အခါမှာတော့ စျေးနှူန်းသက်သာစွာနဲ့ ပေးဝယ်ရတာရှိတယ်လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။
“ရေကတော့ အတော်ရှားတယ်ပေါ့နော်။ တချို့ ရေတအားရှားသွားတဲ့နေရာမျိုးမှာခါကျတော့ ပိုက်ဆံဘယ်လောက်ပဲရှိရှိ ရေမရတာမျိုးရှိတယ်။ တချို့ကျတော့ ပိုက်ဆံလည်း မတတ်နိုင်ဘူး။ ရေလည်း မတတ်နိုင်ဘူး အဲ့လိုမျိုးတွေလည်း ရှိတယ်။”လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။
ဖရူဆိုမြို့နယ်၊ မားခရော်ရှေ့ကျေးရွာအုပ်စုကနေ ဒေသတွင်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြတဲ့ ကျေးရွာ ၆ ရွာက လူထုတွေဟာ ရေရှားပါးမှုနဲ့ ကြုံတွေ့နေကြရပြီး ရေကို ဝယ်ယူသုံးစွဲနေကြရပါတယ်။
တချို့သော စစ်ရှောင်မိသားစုတွေမှာ ရေသယ်ယူဖို့ ဆိုင်ကယ် မရှိတဲ့အခြေအနေဖြစ်တဲ့အတွက် ပိုမိုအခက်တွေ့နေကြရတယ်လို့ စစ်ရှောင်စခန်းတခုရဲ့ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။
“တချို့လူတွေက ဆိုင်ကယ်အထိတောင် မရှိတဲ့သူရှိတယ်။ ဝယ်ရတယ်၊ ခွဲဝေရတယ်၊ ဥပမာ တစ်ယောက် တစ်ပုံး၊ တစ်ပုံးခွဲတို့ တစ်ပတ်တစ်ခါလားပေါ့၊ တချို့ ကား၊ စက်ရှိတဲ့သူက သူ့ဟာနဲ့သူပေါ့၊ သူ့အတွက် တခေါက်၊ တခေါက်က သူများအတွက် အဲလိုတော့ လုပ်ပေးပါတယ်။ စျေးနဲ့ ပြန်ရောင်းတာပေါ့။ ပုံးဝါ တပုံးကို အခုဆို ၁ ထောင် ရှိပြီ။ တစ်ထောင်လီတာ က ငါးသောင်းနဲ့ ယူရတယ်လေ။ ” လို့ အဆိုပါ စစ်ရှောင်စခန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရေသယ်ယူတဲ့အခါ အသွားအပြန်ခရီးက အနည်းဆုံး နှစ်ရီခန့် ကြာမြင့်သလို လမ်းမကောင်းတာကြောင့် ဟိုက်ဂျက်တစ်စီးကို ပုံး ၄၀ ဝန်းကျင်သာ သယ်ယူနိုင်တယ်လို့ ဆိုပါတယ်။ သွားလာရတဲ့ လမ်းခရီး အခြေအနေအပေါ် မူတည်ပြီး စျေးနှုန်းကွာခြားမှု ရှိတဲ့အတွက် စစ်ဘေးရှောင်တွေဟာ ရေဝယ်ယူရတဲ့ စျေးနှုန်းတွေ ကွာခြားနေတာပါ။
စစ်ဘေးရှောင်လူထုတွေကတော့ ဒေသခံများရဲ့ ရေကန်ကို အသုံးပြုနေရပြီး ဒေသခံတွေ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာရသလို ရေသယ်ယူစရိတ် ကြီးမြင့်တာ၊ ရေသယ်ယူဖို့ ယာဉ်တွေ မရှိတာတွေကြောင့် အခက်အခဲတွေ ရှိနေကြပါတယ်။




