ကန္တာရဝတီတိုင်း(မ်)
ရိက္ခာဖြတ်တောက်ခံရမှုနဲ့ ကြုံတွေ့နေရပြီး အခက်အခဲကြုံတွေ့နေတဲ့ ဒုက္ခသည်တွေအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံ အကူအညီရရှိဖို့ တောင်းဆိုသွားမယ်လို့ ကရင်နီဒုက္ခသည်စခန်းအမှတ် ( ၁ ) ရဲ့ ကော်မတီ ဥက္ကဌ ကိုစိုင်းလုံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ၉ ခုမှာ ယခု ဖေဖော်ဝါရီလကစပြီး Standard(သာမန်) အုပ်စုတွေက ရန်ပုံငွေအခက်အခဲကြောင့် ရိက္ခာ ဖြတ်တောက်ခံရမှုနဲ့ ကြုံတွေ့နေရတာပါ။
“ကျနော်တို့ တောင်းဆိုထားတယ် အဖွဲ့အစည်းလာတိုင်း။ UNHCR ကော ၊ ထိုင်းအစိုးရကော ၊ ကျနော်တို့ အဲ့ဒီ စခန်းတွင်းမှာ အခြေအနေ လာရောက်လေ့လာတဲ့အချိန်မှာ အဖွဲ့စည်းတိုင်း ကျနော်တို့ တောင်းဆိုခဲ့ပါတယ်။ ပထမကတော့ ရိက္ခာပိုင်း အဓိက ဝမ်းစာ ရေးပေါ့နော်။” လို့ ကရင်နီ ဒုက္ခသည်စခန်းအမှတ် ( ၁ ) ရဲ့ ကော်မတီ ဥက္ကဌ ကိုစိုင်းလုံက ပြောပါတယ်။
အခြေခံစားနပ်ရိက္ခာအပြင် ကျန်းမာရေးဝန်ဆောင်မှုကို ရရှိဖို့လည်း အဆင့်ဆင့် တောင်းဆို တင်ပြထားတယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှာ ယာယီခိုလှုံကြတဲ့ ဒုက္ခသည် စခန်း ၉ ခုက မြန်မာဒုက္ခသည်လူထုတွေကို စားနပ်ရိက္ခာအပြင် ကျန်းမာရေးဝန်ဆောင်မှု ၊ လူသားချင်းစာနာမှုအကူအညီတွေကို TBC (the border consortium) က အဓိက ပံ့ပိုးပေးနေတာပါ။ အဖွဲ့အစည်းရဲ့ ရန်ပုံငွေရရှိမှုအခက်အခဲတွေကြောင့် ၂၀၂၆ခုနှစ်ကစပြီး ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ အကူအညီရရှိတော့မှာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒုက္ခသည်စခန်းက လူထုတွေကို ရိက္ခာပေးဝေမှုမှာတော့ Standard (သာမာန်အုပ်စု) ၊ Vulnerable (လိုအပ်သူအုပ်စု) ၊ Most Vulnerable (အထူးလိုအပ်တဲ့အုပ်စု) ဆိုပြီး အုပ်စုခွဲကာ ပေးဝေခဲ့တာပါ။ Standard (သာမာန်အုပ်စု) ထဲ ပါဝင်တဲ့ဒုက္ခသည်တွေက ဖေဖော်ဝါရီလကစပြီး ရိက္ခာမရရှိတော့ပေမယ့် ကျန်တဲ့ နှစ်အုပ်စုက ရရှိနေသေးတယ်လို့ ကရင်နီဒုက္ခသည်စခန်းအမှတ် ( ၁ ) မှာ နေထိုင်သူတွေက ပြောပါတယ်။
“ရိက္ခာက ဖြတ်ခံရတယ် မရတော့ဘူး။ရတဲ့သူတွေလည်းရှိတာပေါ့နော်။ ရတဲ့သူတွေကတော့ ဆန်၊ဆီ၊ကုလားပဲ၊ မီးသွေး ရသေးတယ်။ ဆန်က တစ်ယောက်ကို ၁၂ ကီလို။ “လို့ Standard အုပ်စုထဲမှာပါဝင်တဲ့ အမျိုးသားတဦးက ဆိုပါတယ်။
ရိက္ခာဖြတ်တောက်ခံရမှု နောက်ဆက်တွဲအနေနဲ့ စခန်းပြင်ပထွက်ပြီး တရားမဝင် အလုပ်လုပ်ကိုင်သူတွေ ရှိလာနိုင်တာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းက ချမှတ်ထားတဲ့ စည်းမျဥ်း စည်းကမ်းတွေကို လိုက်နာဆောင်ရွက်မှု အားနည်းလာမှာ စိုးရိမ်မှုရှိတယ်လို့ ကိုစိုင်းလုံက ဆိုပါတယ်။
ထိုင်း-ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ် ( ၁ ) မှာ လူဦးရေ ၈၇၁၉ ဦးရှိပြီး အိမ်ခြေ ၂၀၂၄ အိမ် ရှိတယ်လို့ သိရပါတယ်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ၉ ခုမှာ မှီတင်းနေထိုင်ကြတဲ့ ဒုက္ခသည်လူဦးရေ ( ၁၀၄,၀၀၀) ကျော်ရှိပါတယ်။




