ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ၊ ဖားဆောင်းမြို့နယ်အတွင်းက ပွန်ချောင်းတံတား ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ထပ်မံမိုင်းခွဲ ဖျက်ဆီးခံရတယ်လို့ စစ်ကော်မရှင်က ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပွန်ချောင်းတံတားကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ စစ်ကော်မရှင်က စွပ်စွဲပြောဆိုထားပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့လဲဆိုတာကိုတော့ ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
“တံတားကို မိုင်းခွဲထားတာတော့ အတည်ပြုတယ်။ ဖြစ်စဉ်ကတော့ ၂၀ ရက်နေ့မှာ ဖြစ်သွားတယ်။ ဒါပေမယ့် အသေးစိတ် အချက်အလက်ကိုတော့ ကျနော်တို့ မသိရဘူး” လို့ ရှေ့တန်းသတင်းရင်းမြစ်တဦးက ဆိုပါတယ်။
အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတားရဲ့အရှေ့ဘက် ချဉ်းကပ်လမ်းနဲ့ ကပ်လျက် တံတားတိုင်အမှတ်၊ K-2 ကနေ P-4 ထိ အရှည် ၆၅ ပေခန့် ကျိုးကျပျက်စီးခဲ့တယ်လို့ စစ်ကော်မရှင်က ဖော်ပြထားပါတယ်။
ပွန်ချောင်းတံတားဟာ ဖားဆောင်းမြို့ရဲ့ အရှေ့မြောက်ဘက် မီတာ ၁၈၀၀ ခန့်အကွာ ဝမ်အောင်း-ချိကွဲ့-စောင်းလော့ လမ်းကြောင်းပေါ်မှာရှိပြီး အသုံးပြု သွားလာနေတဲ့ သံကူကွန်ကရစ် တံတား အမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။
ယခု ဖေဖော်ဝါရီလ တတိယပတ်အတွင်း စစ်ကော်မရှင်တပ်က ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဖားဆောင်းမြို့နယ်အတွင်းက သံလွင်မြစ်ကူးတံတား ၊ ထူးချောင်းတံတား ၊ ပွန်ချောင်းတံတား မိုင်းခွဲဖျက်ဆီးခံရတာကြောင့် လက်ရှိမှာ သွားလာအသုံးပြုလို့မရတော့ဘူးလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။




