ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ၊ ဒေါတမကြီးကျေးရွာအုပ်စုအတွင်းက ကျေးရွာတရွာမှာ ရေရှားပါးမှုရဲ့ နောက်ဆက်တွဲကြောင့် အရေပြားယားနာမှုတွေ ဖြစ်ပွားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေရှားပါးမှုကြောင့် ကျောင်းနေအရွယ်ကလေးအပြင် သက်ကြီးရွယ်အိုတွေပါ ယားနာမှုကို ကူးစက် ဖြစ်ပွားနေကြတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက အဆိုပါ ကျေးရွာမှာ ကျောင်းနေအရွယ်ကလေး (၆၀) ဝန်းကျင်ဟာ ရေရှားပါးမှုကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းခဲ့ပြီး အရေပြားယားယံမှုကို ကူးစက်ဖြစ်ပွားနေကြတယ်လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။
“လက်ရှိမှာတော့ ကိုယ်ခံအားကောင်းတဲ့သူတွေ ပြန်လည်သက်သာ လာပေမယ့်လည်း အနည်းအကျဉ်းတော့ ကျန်နေသေးတယ်” လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့်လည်း ကျေးရွာတွေ ၊ စစ်ရှောင်စခန်းတွေမှာ ရေအလှူရှင်တွေ အရောက်နည်းတဲ့အတွက် ဆိုင်ကယ်၊ ထော်လာဂျီ ၊ ကားရှိတဲ့သူတွေက ရေရှိရာနေရာမှာ သွားရောက်ခပ်ယူနိုင်ပေမယ့် မရှိတဲ့သူတွေအတွက် ရေအလှူရှင်လိုအပ်နေတယ်လို့ ဆိုပါတယ်။
” ကျမတို့ရွာက လမ်းပန်းဆက်သွယ်ရေးခက်ခဲတော့ ရေသယ်ဖို့က အဆင်မပြေဘူး။ ရေလှူတဲ့အဖွဲ့တွေလည်း လမ်းမကောင်းတော့ ဒီအထိ အရောက်မပို့နိုင်ကြဘူး။ သာရေးနာရေးအတွက် အရေးပေါ်ရေလည်း မရှိတဲ့ အခါကျတော့ အဆင်မပြေဘူး”လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
အရေပြားယားနာမှု ကူးစက်ဖြစ်ပွားတာ သက်သာစေဖို့အပြင် ရေအမှန်တကယ်လိုအပ်တဲ့ အဆိုပါ ကျေးရွာကို ယမန်နေ့ ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာ ကန်ခုနှစ်ဆင့်လူငယ် (7 Stars Youth) အဖွဲ့က ကား (၃) စီးနဲ့ ရေသွားရောက် လှူဒါန်းပေးခဲ့ပါတယ်။
အဆိုပါ ကျေးရွာမှာ စစ်ဘေးရှောင်တွေလည်း လာရောက်စုပေါင်းနေထိုင်ကြပြီး နွေရာသီမတိုင်ခင်ကတည်းက ရေရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။




