ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းက စစ်ဘေးရှောင်အမျိုးသမီးတွေကို ဖယ်ခုံကျန်းမာရေးအသိုင်းအဝန်း (PKHC) နဲ့ ကရင်နီသူနာပြုအသင်း (KNA) တို့ပူးပေါင်းပြီး လက်မောင်းတွင်းထည့်တဲ့ သားဆက်ခြားပစ္စည်းကို ဝန်ဆောင်မှုပေးခဲ့တယ်လို့ PKHC အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖယ်ခုံအနောက်ခြမ်း တစ်နေရာမှာ ဒေသခံအမျိုးသမီး အပါဝင် စစ်ဘေးရှောင် အမျိုးသမီး ၂၇ ဦးကို ဝန်ဆောင်မှု ပေးခဲ့တယ်လို့ ဆိုပါတယ်။
အိမ်ထောင်ရှင် အမျိုးသမီးတွေကို အခုလို ဝန်ဆောင်မှု ဆောင်ရွက်ပေးခြင်းအားဖြင့် ဆေးဝါးနဲ့ အာဟာရရှိဖို့ ခက်ခဲတဲ့ကာလမှာ မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်တယ်လို့ PKHC ရဲ့ တာဝန်ရှိသူတဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“ ရည်ရွယ်ချက်ကတော့ မလိုလားအပ်သောကိုယ်၀န်ဆောင်ခြင်းကို ကာကွယ်ရန်နဲ့ မိခင်နဲ့ကလေး ကျန်းမာရေး မြှင့်တင်ပေးရန်ဖြစ်ပါတယ်။ ခက်ခဲတဲ့ အခုလိုကာလ မှာ ဆေးဝါးနဲ့ အာဟာရ မပြည့်စုံခဲ့ရင် မိခင်ရော ကလေးပါ အန္တရာယ် ရှိနိုင်တာပေါ့နော်။ ၄ နှစ်ခံတားဆေးဖြစ်တဲ့အတွက် ဆေးလည်းခနခဏ ထိုးစရာမလိုဘဲ စစ်ရှောင်တွေအတွက် သင့်လျော်တယ်လို့ထင်ပါတယ်။” လို့ PKHC ရဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။
အခုလို ဆောင်ရွက်ပေးတာဟာ စစ်ရှောင်အမျိုးသမီးတွေရဲ့ တောင်းဆိုမှုကြောင့်လည်း ပါသလို ခက်ခဲတဲ့လက်ရှိကာလမှာ ဝန်ဆောင်မှုပေးသင့်တဲ့အရာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
စားဝတ်နေရေးကို အဓိက ဦးစားပေးနေရတဲ့ စစ်ဘေးရှောင်အမျိုးသမီးတွေကို အခုလို ဆောင်ရွက်ပေးမှုဟာ မိသားစုရဲ့ စီးပွားရေးနဲ့ လူမှုရေး ပြဿနာတွေကို တဖက်တလမ်းကနေ ကာကွယ်ပေးနိုင်ဖို့ကိုလည်း မျှော်လင့်တယ်လို့ PKHC ရဲ့ တာဝန်ရှိသူက ဖြည့်စွက်ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်မှာ ဒေသခံအပါဝင် စစ်ရှောင်အမျိုးသမီး ဦးရေ ( ၄၀ ) ကို သားဆက်ခြား ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး လက်ရှိ ဆောင်ရွက်ပေးတာက ဒုတိယအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။




