ကန္တာရဝတီတိုင်း (မ်)
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဖက်ခြမ်းကို စစ်ကော်မရှင်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် ဒေသခံတချို့ဟာ ထပ်မံတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“ပြေးတာတော့ စစ်ရှောင်တချို့က ဟိုဖက်ရှောင်လိုက်ပြီး။အခုက သွားရမယ်ပြောလို့ ကိုယ့်ဘီဒိုတစ်လုံး နှစ်လုံးကျန်ခဲ့တယ်။အဲ့ဒါ ပစ္စည်းနည်းနည်းပါးပါး မနက်ဖန်၊ တဘက်ခါ ဟိုဖက်ကို ပြန်ရွှေ့မယ်” လို့ မိုးဗြဲဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံတွေဟာ မိမိတို့ရဲ့စပါး ၊ အိမ်သုံးအဆောင်ပစ္စည်းတွေကိုလည်း တပါတည်း သိမ်းဆည်းရွေ့ပြောင်းနေရတာကြောင့် ယာဉ်အကူအညီ လိုအပ်သူတွေရှိနေတယ်လို့ သိရပါတယ်။
စစ်ရေးအခြေအနေအရ ဒေသခံတွေအနေနဲ့ ရွေ့ပြောင်းနေထိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားတယ်လို့ ဆိုပါတယ်။
“စိုးရိမ်ပူပန်မှု အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆို ကျမတို့က လုပ်စားရမှာလဲ လုံးဝ အဆင်မပြေတော့ဘူးပြောရမှာပေါ့။ လယ်က ရွာရဲ့အရှေ့ဖက်ဖြစ်တော့ စစ်ကြောင်းထိုးတာလဲ အဲ့ လယ်ကွင်းဖက်ဖြစ်ခါကျတော့ ကိုယ်ကနောက်ဆုတ်ရပြီလေ လုပ်စားစရာလည်း ဘားမရှိတော့ဘူး။အဲ့မျိုးဖြစ်သွားတယ်။ လာမယ့် ရှေ့ဆက်လဲ ဘယ်လိုရင်ဆိုင်ရမလဲဆို စားဖို့သောက်ဖို့ ကိုယ့်သားသမီးတွေလဲရှိတယ်ပေါ့။အဆင်မပြေဘူး” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
မိုးဗြဲမြို့ အနောက်ဖက်ခြမ်းမှာရှိတဲ့ လာမောက်လာရွာ နဲ့ လွယ်ယင်းမင်္ဂလာ ကျေးရွာတွေမှာ စစ်ကော်မရှင်နဲ့ PNO ပြည်သူ့စစ်တို့ရဲ့ ထိုးစစ်ဆင်မှု တွေရှိပြီး လူထုတွေ သတိထား နေထိုင်သွားလာကြဖို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က အသိပေးပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားနိုင်သလို ပြည်သူတွေကို ပစ်မှတ်ထားပြီး ဒရုန်း ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်မှုတွေလုပ်နေတာကြောင့် လုံခြုံရေးသတိရှိကြဖို့ ပြောဆိုထားပါတယ်။




