Homeသတင်းစစ်ကော်မရှင် လွတ်ငြိမ်းခွင့်ပေးတဲ့ အကျဉ်းသား ၁ သောင်းကျော်ထဲ လွိုင်ကော်အကျဥ်းထောင်က အကျဥ်းသား ပါ၊ မပါ အတည်ပြုနေဆဲဟုဆို

စစ်ကော်မရှင် လွတ်ငြိမ်းခွင့်ပေးတဲ့ အကျဉ်းသား ၁ သောင်းကျော်ထဲ လွိုင်ကော်အကျဥ်းထောင်က အကျဥ်းသား ပါ၊ မပါ အတည်ပြုနေဆဲဟုဆို

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ မတ်လ ၂ ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံတဝှမ်း၊ အကျဥ်းထောင်အသီးသီးက အကျဥ်းသား ၁သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

လွတ်ငြိမ်းခွင့်ပေးတဲ့ထဲ လွိုင်ကော်အကျဥ်းထောင်က အကျဥ်းသား ပါ၊ မပါကိုတော့ အတည်ပြုနေဆဲပဲလို့ ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) ရဲ့တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အတည်ပြုနေဆဲပဲလေနော်။ ကျနော်တို့ ဖက်ကတော့ အတည်ပြုနိုင်တဲ့ အချိန်ကျမှပဲ ထုတ်ပြန်သွားမှာ ဖြစ်တယ်။ “ လို့ KPPA ရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဆိုပါ လွတ်ငြိမ်းခွင့်ရတဲ့ အကျဥ်းသားပေါင်း ၁သောင်းကျော်ဟာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရသူ ၇,၃၃၇ ဦးနဲ့ အခြားအမှု ကြောင့် ပြစ်ဒဏ်ကျခံနေရသူ ၂,၈၂၅ ဦး ဖြစ်ပြီး စုစုပေါင်း ၁၀,၁၆၂ ဦး တို့ဖြစ်ပါတယ်။

လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင် ယခုကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံမှာ” ဖြစ်တယ်လို့လည်း စစ်ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးပုဒ်မတွေ ဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ ပုဒ်မ ၅၂(က) တို့နဲ့ တရားစွဲဆိုခံရပြီး ထွက်ပြေးတိမ်းရှောင်သူတွေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ နဲ့ တရားစွဲဆိုခံရသူတွေ စုစုပေါင်း ၁သောင်း ၂ ထောင်ကျော် (၁၂,၄၈၇) ဦးရဲ့ အမှုတွေကိုလည်း စစ်ကော်မရှင်က ပိတ်သိမ်းလိုက်ပါတယ်။

အလားတူ၂ဝ၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲမှု၊ မတရားအသင်းများ၊လက်နက်မှု၊ မူးယစ်မှု၊ သဘာဝဘေးအန္တရာယ်မှု၊ အကြမ်းဖက်မှုနဲ့ အဂတိပြစ်မှုများမှအပ ကျန်ပြစ်မှုတွေနဲ့ အကျဥ်းကျနေသူတွေကို ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံအား လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တယ်လို့ ဆိုထားပါတယ်။

စစ်ကော်မရှင် လွတ်ငြိမ်းခွင့်ပေးတဲ့ အကျဥ်းထောင်အသီးသီးက အကျဥ်းသား အရေအတွက် စာရင်းကို စောင့်ကြည့်ထုတ်ပြန်သွားမှာ ဖြစ်သလို အကျဥ်းထောင်အတွင်းမှာ ကျန်ရှိနေဆဲ ဖြစ်တဲ့ အကျဥ်းသားအားလုံး လွတ်မြောက်ဖို့ကိုလည်း ကြိုးစားဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က အသိပေး ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ