ကန္တာရဝတီတိုင်း(မ်)
မတ်လ ၂ ရက်နေ့မှာ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ အကျဥ်းထောင်အသီးသီးက အကျဥ်းသား ၁ သောင်းကျော် ကို စစ်ကော်မရှင်က လွတ်ငြိမ်းခွင့်ပေးတဲ့ထဲ လွိုင်ကော်အကျဉ်းထောင်က အကျဉ်းသား ( ၁၁၀ ) ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) က ပြောပါတယ်။
အဆိုပါ လွတ်မြောက်လာသူတွေထဲ အမျိုးသား၊ အမျိုးသမီး စာရင်းနဲ့ ပုဒ်မတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ KPPA ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
“ပထမအသုတ် ၇၅ ဦး ၊ ဒုတိယ အသုတ် ၃၅ ဦး စုစုပေါင်း (၁၁၀) ဦး။ အားလုံးက လွိုင်ကော်ထောင်ကပဲ။ ကျား၊ မ နဲ့ ပုဒ်မ တွေ အတည်မပြုနိုင်သေးပါဘူး။ အဲ့တာပဲ ရှိတယ်နော်။” လို့ KPPA ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ကရင်နီပြည်က လွိုင်ကော်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား စုစုပေါင်း (၇၀၀) ဝန်းကျင် ရှိပြီး အဲ့ဒီထဲ နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်ရှိတယ်လို့ KPPA စာရင်းအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး စစ်ကော်မရှင်ရဲ့ ဖမ်းဆီးခံရသူ နှစ်ဦးလည်း လွိုင်ကော်အကျဉ်းထောင်ကနေ ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကော်မရှင် လွတ်ငြိမ်းခွင့်ပေးတဲ့ အကျဥ်းသား ၁သောင်းကျော်ထဲ အကျဉ်းထောင် (၁၀) ခုက နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း (၃၂၄)ဦး လွတ်မြောက်လာတာကို ကနဦး အတည်ပြုနိုင်သေးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က အသိပေးထုတ်ပြန်ထားပါတယ်။




