ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကော်မရှင်တပ်က အရပ်သားတွေရှိရာကို လက်နက်ကြီးများ ဦးတည်ပစ်ခတ်နေတာကြောင့် ဒေသခံနဲ့ စစ်ရှောင်တွေ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
ယမန်နေ့ ည ၈ နာရီခွဲမှာ တိုက်ပွဲဖြစ်ပွားတာ မရှိပဲ လက်နက်ကြီးနဲ့ ပစ်ခတ်လာတာ ရှိတယ်လို့ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်တစ်ဦးက အခုလို ပြောပါတယ်။
“တိုက်ပွဲတော့ မရှ်ိဘူး၊ နှစ်လုံးကျတယ်၊ ရွာပြင်နားမှာ တစ်လုံးကျတယ်၊ တစ်လုံးကတော့ လမ်းလယ်တည့်တည်ကျတာ ကျောက်တုံးနဲ့ ထိသွားတာပေါ့”လို့ အဆိုပါ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ယမန်နေ့ည စစ်ကော်မရှင် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးမှာ ၁၂၀ မမ ဖြစ်တယ်လို့ သိရပါတယ်။ စိုးရိမ်နေကြတဲ့ ဒေသခံတွေတချို့မှာ ထပ်မံတိမ်းရှောင်သွားကြတယ်လို့ အဆိုပါ စစ်ဘေးရှောင်တစ်ဦးက ဆက်ပြောပါတယ်။
“ထပ်ပြေးရတဲ့လူ တချို့ရှိတယ်။ မနေ့ညက နှစ်လုံးကျပြီးတော့ တောထဲသွားအိပ်တဲ့ လူရှိတယ်။ သူတို့ စိုးရိမ်တာပေါ့”လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာလည်း ဖရူဆိုမြို့နယ်က ကျေးရွာတစ်ရွာအတွင်းကို လက်နက်ကြီးသုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ထိခိုက်ပျက်စီးမှု ရှိခဲ့ပါတယ်။




