Homeသတင်းကရင်နီပြည်မှာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် တလအတွင်း ပြည်သူ ၇ ဦးသေဆုံးကြောင်း KnHRG ဆို

ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် တလအတွင်း ပြည်သူ ၇ ဦးသေဆုံးကြောင်း KnHRG ဆို

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တလအတွင်း ပြည်သူ ၇ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

အဆိုပါ သေဆုံးသူ ၇ ဦးဟာ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၃)ဦးနဲ့ ကလေး (၁)ဦး တို့ဖြစ်ပါတယ်။

“ဒီဘောလခဲ စစ်ရှောင်မှာက လက်နက်ကြီး ပစ်ခတ်တဲ့အတွက်ကြောင့်မလို့ ဗိုက်ကြီးသည်သေသွားတယ်ဆိုတဲ့ ဖြစ်စဥ်ပေါ့နော်။ ဗိုက်ကြီးသည် ကိုတော့ ကျမတို့ ဗိုက်ထဲက ကလေးပါပါ ဆိုတဲ့ဟာ ထည့်ရေးထားတယ်ပေါ့နော်။” လို့ KnHRG ရဲ့ ဒါရိုက်တာ မမေက အခုလိုပြောပါတယ်။

သေဆုံးသူ ပြည်သူ ၇ ဦးအနက် မော်ချီးဒေသမှာ လေယာဥ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး ၊ ဖယ်ခုံနဲ့ ဘောလခဲမှာ လက်နက်ကြီးကြောင့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ကလေး ၁ ဦး၊ ဒီးမော့ဆို အရှေ့ခြမ်းမှာ ဒရုန်းဗုံးတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦး၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုကြောင့် အမျိုးသား ၁ ဦးနဲ့ လွိုင်ကော်မှာ မြေမြုပ်မှိုင်းကြောင့် အမျိုးသမီးတဦး စတဲ့ အခြေအနေတွေကြောင့် ဖြစ်ပါတယ်။

ပြည်သူ သေဆုံးမှုအပြင် အမျိုးသား (၇) ဦး၊ အမျိုးသမီး (၂) ဦး၊ ကလေး (၃) ဦးနဲ့ ဂျန်ဒါမသိ (၅)ဦး စုစုပေါင်း ပြည်သူ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလအတွင်းမှာတော့ အရပ်သားပြည်သူတွေရှိရာနေရာတွေကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၅) ကြိမ်၊ လက်နက်ကြီး (၁၀) ကြိမ်၊ ဒရုန်း (၄) ကြိမ်၊ ဖမ်းဆီးခြင်း (၁)ကြိမ်၊ မိုင်းဖောက်ခွဲခြင်း (၁)ကြိမ်၊ မိုင်းနင်းမိခြင်း (၃)ကြိမ် စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ပေါင်း (၂၄)ကြိမ် ပြုလုပ်ခဲ့တယ်လို့ KnHRG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ