ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်မှာ လူဦးရေရဲ့ ၂၅ ရာခိုင်းနှုန်းက အရေပြားယားနာမှုတွေ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ကျန်းမာရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
အခုလို အဖြစ်များနေတာဟာ ရေမသန့်တာ၊ တကိုယ်ရေသန့်ရှင်းရေး မပြုလုပ်နိုင်တာ၊ စစ်ဘေးတိမ်းရှောင်နေရတာကြောင့် ဆပ်ပြာဝယ်ယူဖို့ ခက်ခဲနေတာအပြင် ဆေးဝါးမလုံမှုကြောင့် မပျောက်ကင်းနိုင်ဘူးလို့ ကျန်းမာရေးတာဝန်ခံ မော်မဲမို က အခုလို ပြောပါတယ်။
“အရင်က ကျမတို့ ဆေးဝါးက လုံးဝ မလုံလောက်ဘူး။ ဥပမာ ယားနာဖြစ်သူ တစ်ယောက်ဆိုရင် လိမ်းဆေးဗူး ၁၀ ဗူးအထက် ပေးရမှာ။ အခုက ဆေးဝါးမလုံလောက်တော့ လူနာ တစ်ယောက်ကိုမျှပြီး ၂ ဗူးလောက်ပဲ ပေးနိုင်တယ်လေ။ သူတို့အတွက်က မလောက်ဘူး။ အဲ့ကြောင့် မပျောက်နိုင်ဘူး ဖြစ်နေတယ်။ အမှန်ဆို တစ်ယောက်ကို ၁၀ ဗူး ၂၀ လောက်ကုန်ရမယ့်အစား ၂ ဗူးပဲ ပေးနိုင်တော့ သူတို့အတွက် ခဏပဲ သက်သာတယ်။ ပြီးရင် ပြန်ဖြစ်တယ်။ ဆေးဝါးမလုံလောက်လို့ပဲ ဒီရောဂါက မပျောက်နိုင်ဘူးလို့ ကျမ အနေနဲ့ သုံးသပ်တယ်။” လို့ ကျန်းမာရေးတာဝန်ခံ မော်မဲမို က ပြောပါတယ်။

မြို့နယ်အတွင်းရှိ ကျေးရွာတိုင်းမှာ အရေပြားယားနာမှု ဖြစ်ပွားနေတာကို ခံစားနေကြရပြီး အမြစ်မပြတ်နိုင်ဘူးလို့ ဆိုပါတယ်။
မတ်လ ၅ ရက်နေ့မှာတော့ ကရင်နီနယ်လှည့်ကျန်းမာရေးအဖွဲ့က ဆိုမိုဖေစိုးလေးမြို့နယ်ထဲက ဒေါလဲဒူကျေးရွာကို ဆေးကုသမှု ပြုလုပ်ပေးခဲ့ပါတယ်။ ဒေါလဲဒူ ကျေးရွာဟာ ဆိုမိုဖေစိုးလေး မြို့နယ်ထဲက ယားနာမှုအဖြစ်များဆုံး ကျေးရွာတစ်ရွာဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ခံ မော်မဲမို က ပြောပါတယ်။
အဆိုပါ ကျေးရွာမှာ အိမ်ခြေ ၄၀ ဝန်းကျင်ရှိပြီး ဆေးပေးခန်း မရှိသေးပါဘူး။ ဆေးခန်းမရှိလို့ မြို့တွင်းမှာသာ သွားရောက်ပြသရကြောင်း ကျေးရွာသူကြီး က အခုလို ပြောပါတယ်။
“ဒီမှာက ကျနော်တို့ ဆေးခန်းမရှိဘူး။ မြို့ထဲကိုပဲ သွားပြကြရတယ်။ ကရင်နီနယ်လှည့် ကျန်းမာရေး ဆေးမှုးအဖွဲ့တွေကတော့ ၁ လကို တစ်ခါတော့ လာကြည့်ပေးတာပဲ ရှိတယ်။” ကျေးရွာသူကြီးက ပြောပါတယ်။
အခုလို အရေပြားယားနာမှုတွေ မပျောက်ကင်းနိုင်တာက လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဆေးဝါး မလုံလောက်တာအပြင် တကိုယ်ရေသန့်ရှင်းရေးအတွက် ဆပ်ပြာတွေ မဝယ်ယူနိုင်တာလည်း ဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ခံ မော်မဲမို က အခုလို ဆက်ပြောပါတယ်။
“လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ဆပ်ပြာတွေဘာတွေ ဝယ်ရခက်တာရယ် စစ်ကြောင့်ရယ် ဖြစ်တယ်လို့ ထင်တယ်။ အဲ့ဒါကြောင့် ကျမတို့ အနေနဲ့ ဆပ်ပြာရယ် ရေသန့်ဖိုးရယ် လိုအပ်တယ်လို့ ထင်တယ်။ အခုကတော့ အလှူရှင်တွေကတော့ လာကြပြီ။ ရှေ့ဆက်တော့ သက်သာလာမယ်လို့တော့ ကျမ ယုံကြည်ပါတယ်။” လို့ မော်မဲမို က ပြောပါတယ်။
ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး အရေပြားယားနာမှု ဆိုးရွားစွာ ဖြစ်ပွားနေတဲ့အတွက် ဆေးဝါးအကူအညီတွေ တောင်းခံထားကြတာပါ။ လက်ရှိမှာတော့ အလှူရှင်တွေ ရရှိထားပေမယ့် လိုအပ်ချက်တွေလည်း ရှိနေဆဲလို့ သိရပါတယ်။
ဆိုမိုဖေစိုးလေး( ရှားတော) မြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၂၇ ရွာရှိပြီး လူဉီးရေ ၇,၀၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။




