Homeသတင်းPNO က ဖမ်းဆီး၊သတ်ဖြတ်ခဲ့တဲ့ အရပ်သားတဦးနဲ့ ပတ်သက်ပြီး ၂ပတ်ကြာအထိ အခြေအနေ မသိရသေးဟုဆို

PNO က ဖမ်းဆီး၊သတ်ဖြတ်ခဲ့တဲ့ အရပ်သားတဦးနဲ့ ပတ်သက်ပြီး ၂ပတ်ကြာအထိ အခြေအနေ မသိရသေးဟုဆို

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စစ်ကော်မရှင်လက်အောက်ခံ PNO ပြည်သူ့စစ်က အရပ်သားတဦးကို ဖမ်းဆီး၊ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း အဆိုပါအရပ်သား အသတ်ခံရတဲ့ အကြောင်းရင်းကိုတော့ လက်ရှိအချိန်ထိ မသိ‌ရသေးဘူးလို့ မြေပြင်မှာရှိနေတဲ့ အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။

အသတ်ခံရတဲ့ အမျိုးသားဟာ ရှမ်း-ကရင်နီနယ်စပ်က ဖယ်ခုံမြို့နယ် နားဟီးကျေးရွာအုပ်စု၊ အရှေ့ကာလရွာမှာနေတဲ့ ဦးမောင်ဒန်း ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့မှာ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က အသိပေး ထုတ်ပြန်ထားတာရှိပါတယ်။

သတ်ဖြတ်ခံရတဲ့ အကြောင်းအရင်းနဲ့ PNO တို့ရဲ့ ဆက်စပ်မှုအခြေအနေကို မြေပြင်က လူထုနဲ့ အဖွဲ့အစည်းတွေဆီ ကန္တာရဝတီတိုင်း(မ်) ကနေ ဆက်သွယ်မေးမြန်းရာမှာ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ရဲ့ ဒါရိုက်တာက အခုလိုပြောပါတယ်။

“ဒီဖယ်ခုံမှာ စစ်ရှောင်ကနေ ပြန်လာတဲ့ အမျိုးသားတစ်ဦး PNO ဖမ်းသွားပြီး သတ်ခံရတယ်ပေါ့နော်။ အခြေအနေအသေးစိတ်ကိုတော့ ကျမတို့ မြေပြင်ဝန်ထမ်းတွေနဲ့ ချိတ်ပြီး ဆက်လက် မေးမြန်း လိုက်နေတုန်းပဲ။”လို့ KnHRG ရဲ့ ဒါရိုက်တာက ဆိုပါတယ်။

အသတ်ခံရသူဟာ အရပ်သားဖြစ်တာကြောင့် တခြားပြည်သူတွေလည်း နေရပ်ပြန်ဖို့ ကြောက်ရွံ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သတင်းတော့ ကြားပါတယ်။ ဘယ်လိုကနေ ဖြစ်ခဲ့လဲ သတ်သွားတဲ့ အခြေအနေထိဆိုတော့ ဘယ်လို ပတ်သက်မှုရှိခဲ့လဲ ဆိုတာလည်း သိချင်မိတာပဲလေ။ ဒါပေမဲ့ လောလောဆယ်တော့ မသိရဘူး။ သိထားရင်တော့ ကိုယ့် လုံခြုံရေးအတွက်လည်း မမှားဘူးလေ။”လို့ ဖယ်ခုံဒေသခံ တစ်ဦးက ဆိုပါတယ်။

အသတ်ခံရတဲ့ ဦးမောင်ဒန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဖယ်ခုံမြို့နယ်၊ အနောက်ဘက်ခြမ်း စစ်ရှောင်တစ်နေရာကနေ နေရပ်ဖြစ်တဲ့ အရှေ့ကာလရွာကို ပြန်လာပြီး နောက်နေ့ မနက်မှာတော့ PNO က စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားခဲ့တာပါ။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာတော့ စစ်ဆေးခံရရင်း သေဆုံးခဲ့တာကို မိသားစုဝင်ဆီကနေ သိရကြောင်း PKPF က ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ