ကန္တာရဝတီတိုင်း (မ်)
မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်(PNO) စစ်ကြောင်းဟာ မိုးဗြဲအနီးက လွယ်ယင်းတောင်ခြေ လီဝိုးကျေးရွာတွေနဲ့ နီးကပ်လာတာကြောင့် ကျေးရွာနေဒေသခံနဲ့ စစ်ရှောင်တချို့ ထပ်မံရွေ့ပြောင်းနေရတယ်လို့ သိရပါတယ်။
“သက်ကြီးရွယ်အိုတို့ ကလေးတွေ သူတို့ရွေ့ခိုင်းတယ်။နောက် စပါးတွေလဲ သယ်ခိုင်းတယ်။ကျမဆို အမျိုးသားလည်း မရှိတော့ သွားဖို့ဆို ခက်ခဲတယ်ကော။ စစ်တပ်ရောက်လာလို့ပြေးရမယ်ဆို အမျိုးသားမရှိတော့ ရင်လေးရတယ်ပေါ့နော်” လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
သက်ကြီးရွယ်အို ၊ ကလေးတွေနဲ့ စားသောက်ဖို့အတွက် စပါး ၊ အသုံးအဆောင်ပစ္စည်းတွေကို အရင်ရွေ့ပြောင်းကြဖို့ကိုလည်း ကျေးရွာဥက္ကဌနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားတယ်လို့ ဆိုပါတယ်။
ယခုရက်ပိုင်းအတွင်း ဆောင်ပလန်ရွာမှာလည်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်နေသလို ၊ လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
လတ်တလော ကရင်နီပြည်က ဒေသတွေမှာလည်း လောင်စာဆီ ဈေးမြင့်တက်နေတာကြောင့် အရေးပေါ် ထွက်ပြေးတိမ်းရှောင်တဲ့အခါ အခက်အခဲတွေရှိတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက အခုလို ပြောပါတယ်။
“ပိုက်ဆံကော၊ လူကောတအားပင်ပန်းတယ်နော်။ အခုခေတ်ဆို ဆီကော အကုန်ခက်ခဲတယ် ဆီလဲဈေးတက်တယ် ဆီလဲ ဝယ်လို့မရဘူး။ဘယ်လိုသွားလာရမလဲ မသိဘူး” လို့ သူက ပြောပါတယ်။
မိုးဗြဲမြို့မှာတော့ ဓာတ်ဆီတစ်လီတာကို မြန်မာကျပ်ငွေ (၁၀၀၀၀) ကနေ (၁၅၀၀၀) ဝန်းကျင်အထိ ပေးဝယ်နေရပါတယ်။ ကားငှားရမ်းတဲ့အခါလည်း မိုးဗြဲကနေ ဒီးမော့ဆိုအနောက်ခြမ်းထိ တစ်သိန်းကျပ် ကနေ တစ်သိန်းငါးသောင်း အထိ ပေးရတာကြောင့် ငွေကြေးခက်ခဲတဲ့သူတွေအတွက် အခက်ခဲရှိတယ်လို့ ဆိုပါတယ်။
ကား ၊ ဆိုင်ကယ်မရှိတဲ့သူတွေအတွက် ရွေ့ပြောင်းတဲ့အခါမှာ အကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
လက်ရှိ အရေးပေါ်ပြောင်းရွှေ့နေရတဲ့ လွယ်ယင်းတောင်ခြေနဲ့ လီဝိုးမှာ ခန့်မှန်းခြေ အိမ်ခြေ(၆၀၀)ကျော် ရှိပြီး လူဦးရေ တစ်ထောင် ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။




