Homeသတင်းဖရူဆိုအနောက်ခြမ်းကို စစ်ကော်မရှင်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး စပါးကျီထိမှန်ပျက်စီးကာ သိုလှောင်ထားတဲ့ သီးနှံများဆုံးရှုံး

ဖရူဆိုအနောက်ခြမ်းကို စစ်ကော်မရှင်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး စပါးကျီထိမှန်ပျက်စီးကာ သိုလှောင်ထားတဲ့ သီးနှံများဆုံးရှုံး

-

CJ/ကန္တာရဝတီတိုင်း(မ်)

မနေ့က (မတ်လ ၈ ရက်နေ့) ညနေပိုင်းမှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး သုံးလုံးနဲ့ ပစ်ခတ်ခဲ့ပြီး စပါးကျီတစ်လုံး ထိမှန်ပျက်စီးကာ စစ်ရှောင်တွေ သိုလှောင်ထားတဲ့ စပါးကျီအတွင်းရှိ စပါး၊ ပြောင်းကောက် နဲ့ မြေပဲ ပျက်စီးဆုံးရှုံးသွားတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

“လက်နက်ကြီးပစ်လာတော့ စပါးကျီထိတယ်။ စပါးကျီထဲမှာ သိုလှောင်ထားတဲ့ စပါး၊ ပြောင်းကောက် နဲ့ မြေပဲ တွေ မီးစတွေကြောင့် ပျက်ကုန်တာပေါ့။ မီးလောင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် စပါး၊ ပြောင်းကောက်၊ မြေပဲက ၁၀၀ ရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်းပျက်စီးတယ်။ ပြန်သုံးလို့ မရတော့ဘူး။” လို့ အဆိုပါ နေရာမှာ နေထိုင်တဲ့ သတင်းအရင်းအမြစ် တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ထိခိုက်ပျက်စီးတဲ့အထဲမှာ စပါးကျီတစ်လုံး၊ စပါး အိတ်ရေ ( ၁၅ ) အိတ်၊ ပြောင်းကောက် အိတ်ရေ ( ၂၀ ) နဲ့ မြေပဲ အိတ်ရေ ( ၅၀) ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာလည်း အဆိုပါ နေရာအနီးကို စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် စစ်ရှောင်နေအိမ်တစ်လုံး ထိခိုက်ပျက်စီးတဲ့အပြင် စစ်ရှောင်တွေ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

ပစ်ခတ်ခံရတဲ့ နေရာနဲ့အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကော်မရှင်တပ်က အရပ်သားတွေ နေထိုင်ရာကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ