ကန္တာရဝတီတိုင်း (မ်)
ဒီကနေ့ မတ်လ ၁၀ ရက်နေ့၊ နေ့လည် (၁၂) နာရီ (၄၅) မိနစ် ဝန်းကျင်မှာ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကော်မရှင်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေ နဲ့ ပတ်သက်ပြီး လေကြောင်းတိုက်ခိုက်ခံရမှုအနီးမှာ ရှိနေတဲ့ ဒေသခံတစ်ဦးက “မီးဖိုဆောင်နဲ့ ပေ (၂၀၀) အကွာ အပေါ်ဖက်မှာ ကျတယ်။ လက်မောင်းတစ်ယောက်ထိတယ်။ ဂုတ်တစ်ယောက် ရှထိတယ်။ အလုပ်သမားနဲနဲပါးပါး ထိခိုက်ပေါက်ပြဲတာရှိတယ်။” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရချိန်မှာ မော်ချီးဒေသမှာ မိုးရွာသွန်းနေတဲ့အတွက် ဘယ်နကြိမ် တိုက်ခိုက်သွားတာကိုတော့ အတိအကျ မသိရဘူးလို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“မိုးလဲ တအားကြီးတယ်ကော။ အသံလဲ ရောကုန်တော့ တစ်လုံး လား နှစ်လုံးတော့ ကြားလိုက်တယ်” လို့ အဆိုပါ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကိုတော့ မသိရှိရသေးဘူးလို့ အဆိုပါ ဒေသခံတွေက ပြောပါတယ်။ ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ မော်ချီးဒေသကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက် (၇၀) ကျော်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။




