Homeသတင်းစစ်ကော်မရှင်တပ်က ဖရူဆိုမြို့နယ်အတွင်း ကျေးရွာတရွာကို အသေခံဒရုန်းနှစ်စင်း နဲ့ တိုက်ခိုက်

စစ်ကော်မရှင်တပ်က ဖရူဆိုမြို့နယ်အတွင်း ကျေးရွာတရွာကို အသေခံဒရုန်းနှစ်စင်း နဲ့ တိုက်ခိုက်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဖရူဆို – ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာကို နန်းဖဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေက ယမန်နေ့ မတ်လ ၁၆ ရက်နေ့၊ နေ့ခင်းပိုင်းအချိန်မှာ အသေခံဒရုန်းနှစ်စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ အသေခံဒရုန်းက နှစ်စီးလာတယ်။ တလုံးပဲကွဲတယ် တလုံးမကွဲဘူး။ နောက် လက်နက်ကြီးလည်း လျှောက်ပတ်ထုနေတာပဲ ဘယ်နလုံးလည်း မမှတ်မိဘူး။ ၁၀လုံးနီးပါး အဲ့လောက်တော့ ရှိမယ်။ မနေ့က ညနေ ၂ နာရီလောက်ကတည်းက ဒရုန်းစတက်လာတယ်။ ပြီးမှ လက်နက်ကြီးက ဆက်ထုတယ်။ ရွာသားတွေတော့ တယောက်မှမထိခိုက်ဘူး။ ရွာပြင်တွေမှာတော့ကျတယ်။” လို့ ဖရူဆိုဒေသခံတဦးက ပြောပါတယ်။

အသေခံဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်တာ၊ နေအိမ်ပျက်စီးတာတော့ မရှိခဲ့ပါဘူး။ ယမန်နေ့က နန်းဖဲကျေးရွာ အနီးဝန်းကျင်မှာ လက်နက်ငယ်ပစ်ခတ်သံ ကြားရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

စစ်ကော်မရှင်တပ်က ဖရူဆို – ဘောလခဲမြို့နယ်အစပ်က ကျေးရွာရှိရာဖက်ကို မကြာခဏ လက်နက်ကြီးပစ်ခတ်တာ ၊ ဒရုန်းနဲ့ဗုံးကြဲတာ၊ လေယာဉ်နဲ့ဗုံးကြဲတာကိုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ စစ်ကော်မရှင်ရဲ့ တိုက်ခိုက်မှုတွေထဲ စစ်ရှောင်စခန်းတနေရာကို ဒရုန်းနဲ့ဗုံးကြဲလို့ အရပ်သားတဦး ထိမှန်ဒဏ်ရရခဲ့သလို၊ လက်နက်ကြီးစ ထိမှန်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးလည်း သေဆုံးခဲ့ရပါတယ်။

“လက်နက်ကြီးကတော့ ဘောလခဲကနေ ပစ်လာတယ်။ ဒရုန်းကတော့ နန်းဖဲဝန်းကျင်ကနေပဲ။ ရက်တိုင်းလိုလိုတော့ ပစ်တာပဲလေ ရမ်းသန်းလျှောက်ပစ်တာပေါ့။ တခါတလေကျတော့လည်း နီးနီးလေးကျတယ် တခါတလေလည်း ဝေးဝေးကျတယ် ဘယ်မှာကျလဲတော့မသိဘူး။”လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုတွေကြောင့် အရပ်သားတွေဟာ လုံခြုံမယ်လို့ ယူဆရတဲ့နေရာတွေကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း ဖရူဆိုမြို့နယ်က ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ စစ်ကော်မရှင်တပ်က တပ်စွဲနေရာယူထားပြီး အရပ်သားရှိရာနေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် လုံခြုံရေးသတိရှိကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲလည်း ခပ်စိတ်စိတ်ဖြစ်ပွားနေသလို စစ်ကော်မရှင်တပ်ဖက်က ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ