Homeသတင်းဖရူဆိုမြို့နယ်အတွင်းကို စစ်ကော်မရှင်က တပ်အင်အားနဲ့ ရိက္ခာ ဖြည့်တင်းနေ

ဖရူဆိုမြို့နယ်အတွင်းကို စစ်ကော်မရှင်က တပ်အင်အားနဲ့ ရိက္ခာ ဖြည့်တင်းနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းကို စစ်ကော်မရှင်တပ်က တပ်အင်အားနဲ့ ရိက္ခာတွေ ထပ်မံဖြည့်တင်းနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မနေ့က (မတ်လ ၁၆ ရက်နေ့မှာ) ဖရူဆိုမြို့တွင်းကို စစ်ကော်မရှင်တပ်က တပ်အင်အား၊ ရိက္ခာ ဖြည့်တင်းနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ဒီကနေ့ မတ်လ ၁၇ ရက်နေ့မှာ ပြောပါတယ်။

“စစ်ကြောင်းကတော့ နှစ်ကြောင်းထိုးလာတယ်ပေါ့နော်။ အရှေ့ခြမ်းနဲ့အနောက်ခြမ်းကို နှစ်ရက်ဆက်တိုက် ထိုးလာတယ်။ လက်နက်ခဲယမ်းနဲ့ ရိက္ခာ အဓိကပို့တာဖြစ်တယ်။’’ လို့ အဆိုပါ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

အခုတပတ်အတွင်း ထိုးလာတဲ့ စစ်ကြောင်းမှာ အင်အား ၅၀၀ နဲ့ အထက် ရှိပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ ဖရူဆို – ထားလဲ-ဘောလခဲ ကို ဦးတည်နေတယ်လို့ အဆိုပါ စစ်ရေးသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။ ဖရူဆိုမြို့နယ်အတွင်းမှာတော့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေ က ပြောပါတယ်။

စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေစဉ်အတွင်းမှာ အရပ်သားတွေနေထိုင်တဲ့ စစ်ရှောင်စခန်းတွေဆီကို လက်နက်ကြီး၊ ဒရုန်း တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာရှိတယ်လို့ ဖရူဆိုဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာလည်း စစ်ကော်မရှင်တပ်မှ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖရူဆိုမြို့နယ်ထဲက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

မတ်လ (၅) ရက်နေ့မှာ စစ်ကောင်စီရဲ့ ဘတ်ဟိုး (လမ်းပြင်ရန် မြေကော်စက်) ယာဥ်ပါ ယာဥ်တန်းမှာ ဖရူဆို – ထားလဲ လမ်းမကြီးပေါ်ကို စစ်ကြောင်းထိုးရောက်ရှိလာပြီး တော်လှန်ရေးတပ်များမှ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တဲ့ မှတ်တမ်းကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က မတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၃) ဦး သေဆုံးကာ ဒဏ်ရာရရှိသူများရှိခဲ့ပြီး လမ်းထိုးရန် လိုက်ပါလာတဲ့ ဘတ်ဟိုးကိုလည်း ပျက်ဆီးချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီးမော့ဆို- ဖရူဆို- ဘောလခဲ လမ်းမကြီး တစ်လျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားနေခဲ့ပြီး ခုခံကာကွယ်စစ်ကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ