ကန္တာရဝတီတိုင်း ( မ် )
စစ်ကော်မရှင်က စွမ်းအင်ချွေတာဖို့အတွက် မော်တော်ယာဉ်တွေကို စုံ/မ စနစ်နဲ့ အသုံးပြုကြဖို့အတွက် ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း အခု ရက်သတ္တပတ်အတွင်းမှာပဲ ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းမှာ မလိုက်နာသူတွေကို စစ်ဆေးအရေးယူမှုတွေ စတင်နေပြီလို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မြို့တွင်း စစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက “ဖမ်းနေတာတော့ တွေ့တယ်။ ဒါပေမဲ့ ဒဏ်ကြေးလောက်နဲ့ပဲ ပြီးသွားတယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
မတ်လ ဒုတိယပတ်ကတည်းက ပညာပေးကာလအနေနဲ့ လွိုင်ကော်မြို့တွင်းမှာ ယာဉ်ထိန်းရဲတွေကနေ ရှောင်တခင် စစ်ဆေးမှုတွေပြုလုပ်ပြီး ယာဉ်စည်းကမ်းဖောက်ဖျက်ရင် ဒဏ်ငွေ ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ပေးဆောင်ရမယ်လို့ ပြောဆိုထားကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စက်သုံးဆီချွေတာရေးအတွက် ကားနဲ့ဆိုင်တွေကို နေ့စဉ် စီးနင်း အသုံးပြုခွင့်မပေးဘဲ လိုင်စင်နံပါတ်ရဲ့ ဂဏန်းကို စုံ၊မ ခွဲကာ တစ်ရက်ခြား စီးနင်းအသုံးပြုဖို့ စစ်ကော်မရှင်ကမတ်လ ၃ရက်နေ့မှာ အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။
အမိန့်ကြေညာပြီးနောက် ပညာပေးကာလအနေနဲ့ မတ်လ ၁၄ ရက်နေ့အထိ သတ်မှတ်ထားပြီး ယာဉ်ထိန်းရဲဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့တွေက လွိုင်ကော်မြို့တွင်းက လမ်းဆုံးလမ်းခွနေရာတွေမှာ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြို့တွင်းမှာ ရှောင်တခင် စစ်ဆေးမှုတွေရှိပြီး ဖမ်းဆီးမိပါက ဒဏ်ကြေးကောက်ခံသလို နေ့စဉ် စစ်ဆေးမှုတွေတော့ မရှိဘူးလို့ မြို့ခံတဦးက ပြောပါတယ်။
“ဒဏ်ငွေဘဲ ထင်တာဘဲ၊ အပေါ်က ခိုင်းလို့သာ လုပ်နေကြတာနေမှာ ခဏ ပေါ့” လို့ သူက ပြောပါတယ်။
အခုလို ယာဉ်စည်းကမ်း ကန့်သတ်ချက်တွေအပြင် လွိုင်ကော်မြို့မှာ စက်သုံးဆီဈေးနှုန်းတွေလည်း မြင့်တက်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိမှာ ဓါတ်ဆီတစ်လီတာကို ၃,၈၀၀ ကျပ်ဝန်းကျင် ရှိနေပြီး ဒီဈေးနှုန်းက ပုံမှန်ဈေးထက် ၁၀၀၀ကျပ်နီးပါး မြင့်တက်နေတာပါ။
“ဆီဈေးကတော့ တက်သွားပေမယ့် ဝယ်လို့လွယ်ပါသေးတယ်။ ၁၂ တန်း စာမေးပွဲတွေပြီးသွားရင်တော့ သူတို့ဘက်က ပိုပြီးတင်းကျပ် အရေးယူတာတွေ လုပ်လာမယ်လို့ ထင်ပါတယ်” လို့ တခြားမြို့ခံတစ်ဦးက လက်ရှိအခြေအနေကို သုံးသပ်ပြောဆိုပါတယ်။
စုံ ၊ မ စနစ်ဟာ လစဉ် စုံရက်တွေမှာ စုံနံပါတ်အက္ခရာပါတဲ့ ယာဉ် ၊ မ ရက်တွေမှာ မ နံပါတ်အက္ခရာပါတဲ့ ယာဉ်တွေကို မောင်းနှင်းရမယ်လို့ သတ်မှတ်ထားတာပါ။





