ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည် ၊ ဖားဆောင်းမြို့နဲ့ မော်ချီးဒေသကြားက တနေရာကို စစ်ကော်မရှင်တပ်က ယမန်နေ့ မတ်လ ၁၉ ရက်နေ့၊ ညနေ ၃ နာရီကျော်အချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသားတဦး ထိမှန်သေဆုံးခဲ့တယ်လို့ သတင်းအရင်းမြစ်တဦးက ပြောပါတယ်။
“ တိုက်လေယာဉ်နဲ့ တလုံးလာချသွားတယ်။ ပေါင် ၂၀၀ လို့ ယူဆရတာပဲ။ အမျိုးသားတဦး ပွဲချင်းပြီး သေဆုံးသွားတယ်။ နောက် တဲအိမ် ၊ တိရိစ္တာန်တချို့လည်း ထိသွားတယ်။” လို့ သတင်းအရင်းမြစ်တဦးက ပြောပါတယ်။
စစ်မကော်မရှင်တပ်က ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာလည်း ဖားဆောင်းမြို့နဲ့ မော်ချီးဒေသ ကြားမှာရှိတဲ့ ၉ မိုင်ကို လေယာဉ်နဲ့ဗုံးကြဲခဲ့ပြီး အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတဦး ထိခိုက်ဒဏ်ရာခဲ့ပါသေးတယ်။
ဖားဆောင်းမြို့ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ထားပြီးနောက် မော်ချီးဒေသကို ဦးတည်ပြီး စစ်ကြောင်းထိုး ပြင်ဆင်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း ယခုမတ်လအတွင်း စစ်ကော်မရှင်တပ်က စစ်ဧရိယာမဟုတ်တဲ့ ဖားဆောင်းမြို့နယ်အတွင်းက နေရာ သုံးခုကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။





