Homeသတင်းအရှေ့အလယ်ပိုင်းစစ်ပွဲက ကရင်နီပြည်ရဲ့အခြေခံလူမှုစီးပွားရေးအပေါ် ရိုက်ခတ်မှုများ

အရှေ့အလယ်ပိုင်းစစ်ပွဲက ကရင်နီပြည်ရဲ့အခြေခံလူမှုစီးပွားရေးအပေါ် ရိုက်ခတ်မှုများ

-

ကန္တာရဝတီတိုင်း (မ်)

ကမ္ဘာ့အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် အာရှနိုင်ငံတွေအပြင်၊ ကမ္ဘာ့နိုင်ငံတချို့တွေကိုပါ စီးပွားရေး ရိုက်ခတ်မှုတွေ ရှိလာပါတယ်။ ဒီလိုရိုက်ခတ်မှုတွေကြား သက်ရောက်မှုများတဲ့အထဲမှာ မြန်မာနိုင်ငံလို လောင်စာဆီ ဝယ်သုံးနေရတဲ့ နိုင်ငံတွေလည်း ပါဝင်ပါတယ်။

တော်လှန်ရေး အင်အားစုတွေအားကောင်းတဲ့ ကရင်နီပြည်မှာလည်း လောင်စာဆီရရှိနိုင်တဲ့ အခက်အခဲက အရင်ကထက် ပိုများလာသလို နောက်ဆက်တွဲ ကုန်စျေးနှုန်းမြင့်တက်မှုတွေလည်း ရှိလာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ကရင်နီပြည်က လက်နက်ကိုင်တော်လှန်ရေး ထိန်းချုပ်နယ်မြေမှာရှိတဲ့ ဓာတ်ဆီအရောင်းဆိုင်တွေက ဆီရယူမှု အခက်အခဲကြောင့် တချို့ပိတ်ထားရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

အခုချိန်ထိ လောင်စာဆီအရောင်းအဝယ် လုပ်ပေးနေဆဲဆိုင်တွေမှာတော့ ဓာတ်ဆီကို ပေပါအလိုက် မရောင်းပေးတော့ဘူးလို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ ရှိတဲ့ ဆီကုန်သည်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“နောက်ပိုင်းဆီရဖို့မလွယ်တော့ဘူး ပြောကြတယ်။ အောက်(တောင်ငူ) မှာပြတ်နေတယ်ပြောကြတယ်။ အခုဆိုလည်း ဆီက ကားတစ်စီးရဖို့ အနည်းဆုံးတစ်ပတ်ကြာတယ်။ စောင့်ရတာပေါ့။ သူတို့စုပြီးရမှ လာပို့ပေးတာ။ လိုချင်သလောက်လဲမရဘူး။ အစ်မတို့လည်း စျေးမြင့်တော့မဝယ်ရဲဘူး။ စျေးမြင့်ဝယ်ရလို့ ပြန်ရောင်းရင် အပြောခံရမှာစိုးလို့ အများကြီးမဝယ်ရဲဘူး” လို့ သူက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်းက လောင်စာဆီ အရောင်းဆိုင်တွေတချို့မှာ အချိန်နဲ့အလှည့်ကျ ရောင်းပေးနေကြတာတွေ ရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ဒါပေမဲ့ ဆီစျေးကတော့ ယခင်က ပုံမှန်ဓာတ်ဆီတစ်လီတာ ၃၅၀၀ ကျပ်ကနေ ယခုချိန်မှာ ၇၅၀၀ ကျပ်၊ ၈၀၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။

ဆီစျေးမြင့်တက်လာတာနဲ့အမျှ လောင်စာဆီကိုအသုံးပြုနေရတဲ့ စပါးကြိတ်စက်ရုံငယ်တွေမှာလည်း ဆန်ရောင်းဝယ်မှုတွေ နည်းလာတယ်လို့ စက်ရုံပိုင်ရှင်တွေကပြောပါတယ်။ တဖက်မှာလည်း ဆန်စျေးတွေက ဆန်အမျိုးအစားအလိုက် တအိတ်ကို စျေး ၂၀,၀၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျပ်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

“အခုဆိုရင် ကြိတ်စရာစပါးမရှိလို့ ဆန်တောင်မရောင်းတော့ဘူး။ အခြေနေက ဘယ်လိုလာမလဲ မသိလို့ စပါးလည်းမရောင်းရဲကြဘူးဖြစ်နေတယ်” လို့ ဆန်စက်ရုံပိုင်ရှင် အမျိုးသမီးတစ်ဦးကပြောပါတယ်။

အစ္စရေး-အီရန် စစ်ပွဲကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု ၅ ပုံ ၁ပုံ ရှိတဲ့ ဟောမုဇ်ရေလက်ကြားကို အီရန်က ပိတ်လိုက်ပြီးနောက် အဲဒီရေလက်ကြားကနေ ရေနံကိုအဓိကတင်သွင်းနေတဲ့ တရုတ်၊ အန္ဒိယ၊ ကိုးရီးယား၊ ဂျပန်၊ အမေရိကန် နဲ့ အာဖရိကတိုက်က နိုင်ငံတချို့၊ ဥရောပနိုင်ငံတချို့ နဲ့ အာရှတိုက်က နိုင်ငံတွေမှာလည်း ‌လောင်စာဆီအကြပ်အတည်းကို ကြုံလာကြရတာပါ။ လောင်စာဆီအကြပ်အတည်းကြောင့် ကုန်စျေးနှုန်းတွေ၊ သယ်ယူပို့ဆောင်ခတွေ စျေးတက်လာပါတယ်။

​ဟောမုဇ်​​ရေလက်ကြားက​နေ နိုင်ငံ​တွေဆီ ​ရေနံစိမ်းတင်ပို့မှုပြ ​မြေပုံကို​တွေ့ရစဥ်

မြန်မာနိုင်ငံမှာတော့ စစ်ကော်မရှင်က စုံရက်၊မရက် တွေမှာ ယာဥ်မောင်းနှင်တဲ့ အစီအမံနဲ့ လောင်စာဆီချွေတာ‌ရေးအစီအမံကို အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။

ကရင်နီပြည်က တော်လှန်ရေးထိန်းချုပ်နယ်မြေမှာလည်း လောင်စာဆီအခြေနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကပြောပါတယ်။

“ကျနော်တို့ကတော့ ထပ်ဆင့် အဆင့်ပေါ့နော။ အောက်ဆုံးအဆင့်မှာခံရတဲ့ လူထုနဲ့နေတဲ့ အုပ်ချုပ်ရေးယန္တရားဖြစ်တော့ ပိုခံရတယ်ပေါ့နော။ ကျနော်တို့အစီအမံထဲမှာ ကျနော်တို့လက်ထဲမှာ ဘာမှကိုစီမံလို့မရတဲ့ပုံစံဖြစ်တယ်။ နံပါတ် တစ် အချက်ပေါ့။ သို့ပေမဲ့လည်း ကျနော်တို့ဆီမှာ ဘာမှကို နိုင်ငံတကာနဲ့ deal (သဘောတူညီမှု) လို့မရဘူးဆိုပေမဲ့ ကျနော်တို့ရဲ့ ပြည်နယ်ရဲ့ လိုအပ်ချက်က ပမာဏကိုလည်း ကျနော်တို့စောင့်ကြည့်နေတယ်။ နောက်ပြီးတော့မှ လူထုဝန်ဆောင်မှု မပြတ်အောင်တော့ ကျနော်တို့ စီမံထားတာရှိတယ်ပေါ့နော။ အားလုံးကိုတော့ အသိပေးလို့မရဘူး” လို့ ဦးဗညားက ပြောပါတယ်။

အခုလိုလောင်စာဆီအကြပ်အတည်းအတွက် လိုအပ်တဲ့အစီအမံကိုလည်း မကြာခင်မှာ အသိပေးထုတ်ပြန်ပေးသွားမယ်လို့လည်း သူကဆက်ပြောပါတယ်။ စားနပ်ရိက္ခာအရေးနဲ့ ပတ်သက်ရင်တော့ တောင်သူတွေအတွက် ထိုက်သင့်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပုံမှန်တွေ့ဆုံနေပြီး ဆွေးနွေးတိုင်ပင်မှုကနေ အဖြေရှာသွားမယ်လို့ ဦးဗညားကပြောပါတယ်။

လတ်တလောမှာတော့ ဆီစျေးက နေ့စဥ် အတက်အကျရှိနေပြီး တစ်ပေပါပေါက်စျေး ၁၆ သိန်းရှိတယ်လို့ ကုန်သည်တွေကပြောပါတယ်။ ဒါပေမဲ့ နောက်ထပ် ဝင်လာမယ့် ဆီတွေက စျေးနှုန်းပိုမြင့်လာနိုင်တယ်လို့လည်း ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။ ဒါကြောင့်လည်း မြင့်တက်လာတဲ့ ဆီစျေးနဲ့အတူ အရပ်သားလူထုတွေက အခြေခံစားနပ်ရိက္ခာရရှိဖို့အတွက် ရုန်းကန်နေကြရအုံးမှာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ