Homeသတင်းစစ်ကော်မရှင်ရဲ့ပစ်ခတ်မှုတွေကြောင့် မိုလိုချောင်းတလျှောက်မှာ ချောင်းခဲရှာသူတွေ နည်းပါးလာတယ်လို့ ဆို

စစ်ကော်မရှင်ရဲ့ပစ်ခတ်မှုတွေကြောင့် မိုလိုချောင်းတလျှောက်မှာ ချောင်းခဲရှာသူတွေ နည်းပါးလာတယ်လို့ ဆို

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဖားဆောင်းမြို့အနီးပတ်ဝန်းကျင်မှာ တပ်စွဲနေရာယူထားတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် မိုလိုချောင်းတစ်လျှောက်မှာ ချောင်းခဲ(ရေချောင်းနဲ့အတူမျှောပါလာတဲ့ ခဲသတ္တု) ရှာဖွေသူတွေ နည်းပါးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ (၁၂)မိုင်ရဲ့အပေါ်ဘက်တော့ လုပ်ကြတယ်။ (၁၂)မိုင်အောက်ကနေ သံလွင်အထိတော့ မလုပ်ကြတော့ဘူး။ တစ်ယောက်နှစ်ယောက်လောက်တော့ လုပ်သေးတယ်။ ဒါနဲ့ပဲ ရှာစားနေရတဲ့သူတွေပေါ့။ အခုက စစ်တပ်(စစ်ကော်မရှင်တပ်)တွေက ဒရုန်းတအားလွတ်ပြီး အသီးချနေတော့ မလုံခြုံလို့ မလုပ်ရဲကြဘူး။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေမယ့် လုံခြုံရေးအရ မိုလိုချောင်းမှာ ခဲရှာပြီး အလုပ်လုပ်ကိုင်ဖို့ စိုးရိမ်ပူပန်မှုရှိတဲ့အတွက် တခြားနေရာကို ရွေ့ပြောင်းလုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

မိုလိုချောင်းဟာ ခဲသတ္တုထွက်ရှိရာ မော်ချီးဒေသကနေ စီးဆင်းလာတဲ့ ချောင်းဖြစ်ပြီး ချောင်းနဲ့ အတူမျှောပါလာတဲ့ ခဲတွေကို ဒေသခံတွေက တနိုင်တပိုင် ရေဆေးရှာဖွေကာ စားဝတ်နေရေးကို ဖြေရှင်းကြတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ချောင်းခဲ မလုပ်ကိုင်တော့တဲ့ ဒေသခံတချို့က ရေအရင်းအမြစ်ရှိရာနေရာမှာ စိုက်ပျိုးရေးလုပ်ကိုင်ကြသူရှိသလို တချို့ကလည်း မော်ချီးဒေသမှာ ခဲလုပ်ငန်းကို သွားရောက်လုပ်ကိုင်နေကြသူတွေရှိတယ်လို့ဆိုပါတယ်။

မိုလိုချောင်းဟာ ဖားဆောင်းမြို့ကနေ မော်ချီးဒေသကိုသွားတဲ့ လမ်းမကြီးဘေးမှာ ရှိပြီး စစ်ကော်မရှင်တပ်က ယခုမတ်လအတွင်း လမ်းမကြီးဘေးအနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာကြောင့်လည်း ဒေသခံတွေဟာ စိုးရိမ်နေရပါတယ်။

လုံခြုံရေးအရ စိုးရိမ်ပူပန်နေကြပေမယ့် စားဝတ်နေရေးအတွက် ချောင်းခဲကိုသာ အားထား ရတာကြောင့် ဆက်လက်လုပ်ကိုင်ကြသူလည်း ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ မိုလိုချောင်းဘေးတစ်လျှောက်မှာ ချောင်းခဲလုပ်ကိုင်ကြတဲ့ အိမ်ထောင်စု ၆၀ ကျော်ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ