ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ မတ်လ ၃ ရက်နေ့နောက်ပိုင်း ဆီပြတ်လပ်မှုနဲ့ ကြုံတွေ့ခဲ့ပြီး သုံးပတ်အကြာမှာ လောင်စာဆီဈေးနှုန်း မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒေသအသီးသီးမှာလည်း ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်း ၂ ဆဝန်းကျင် သိသိသာသာ ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုမြို့မှာ ယခင်က ဓာတ်ဆီ တစ်လီတာ ၃၅၀၀ ကျပ်ကို လက်ရှိ ၉၀၀၀ကျပ်၊ မော်ချီးဒေသမှာ ဓာတ်ဆီတစ်လီတာ ၈၀၀၀ ကျပ်ကို လက်ရှိ ၁၀၀၀၀/၁၅၀၀၀ ကျပ်၊ ဆီးဘူးဒေသမှာ ယခင်က ဓာတ်ဆီတစ်လီတာ ၃၅၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ် ဝန်းကျင် ၊ ရွာသစ်မြို့မှာ ဓာတ်ဆီတစ်လီတာ ၆၀၀၀ ကျပ် ကနေ ၉၀၀၀ ကျပ် ဝန်းကျင်၊ လွိုင်ကော်မြို့မှာ ဓာတ်ဆီတစ်လီတာ ၃၅၀၀ ကျပ် ကနေ ၅၀၀၀ ကျပ် စသဖြင့် စျေးနှုန်းအသီးသီး မြင့်တက်လာပါတယ်။
ဓာတ်ဆီစျေးမြင့်တက်မှုရဲ့ နောက်ဆက်တွဲမှာ လုပ်ငန်းလည်ပတ်မှုတချို့ထိခိုက်လာပြီး၊ ကုန်စျေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
“ဆီစျေးတက်တော့ အပြင်မထွက်ကြတော့ဘူးလေး။ စျေးဝယ်တွေလည်းပါးလာတယ်။ သူတို့က လိုချင်တဲ့ ပစ္စည်းကိုလည်း မဝယ်ရဲကြတော့ဘူး။ ဆီပဲထည့်ရမလား။ လိုချင်တဲ့ဟာပဲ ဝယ်ရမလား အဲလိုဖြစ်တာပေါ့”လို့ ကုန်ပစ္စည်းအရောင်းဆိုင်ရှင် တဦးက ပြောပါတယ်။
စစ်ကော်မရှင်ကတော့ လက်ရှိအခြေအနေက သောက်သုံးရေ၊ စက်သုံးဆီ၊ လျှပ်စစ်ဓာတ်အားတို့ကို မဖြစ်မနေ ခြိုးခြံချွေတာသုံးရမယ့် အနေအထားဖြစ်တယ်လို့လည်းပြောထားပါတယ်။ အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခဖြစ်ပွားပြီး နောက်ဆက်တွဲ ကမ္ဘာ့နိုင်ငံတွေမှာ ရေနံဆီစျေးမြင့်တက်မှု ကြုံတွေ့နေရသလို မြန်မာနိုင်ငံအပြင် အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း လောင်စာဆီစျေးမြင့်တက်နေကြောင်း အစိုးရက ကြေညာထားပါတယ်။
အရှေ့အလယ်ပိုင်းစစ်ပွဲက တလနီးပါးကြာမြင့်လာပြီးနောက် ကမ္ဘာ့ရေနံတင်ပို့မှု ၅ ပုံ ၁ ပုံရှိတဲ့ ဟောမုဇ်ရေလက်ကြားကို အမြန်ဆုံးပြန်လည်ဖွင့်ပေးဖို့ အီရန်ကို အမေရိကန်သမ္မတ ထရမ့်က ခြိမ်းခြောက်ပြောဆိုနေပေမယ့် အီရန်ဖက်ကတော့ တုံ့ပြန်မှုမရှိသေးတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြထားချက်အရ သိရပါတယ်။





