ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသမှာ ခဲဝယ်ယူသူတွေ နည်းပါးလာတာကြောင့် ခဲတွေကို ရောင်းလို့မရဘဲ ဈေးကျလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လက အရည်အသွေးကောင်းတဲ့ ခဲတပိဿာကို ၂သိန်းကျော်အထိ ဈေးရပေမယ့် လက်ရှိမှာ အရည်သွေးကောင်းတဲ့ ခဲတပိဿာကို ကျပ်တစ်သိန်းခွဲ ဝန်းကျင်သာ ရတော့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ ခဲ ရောင်းဝယ်သူအများစုက ရပ်နားလိုက်တာဖြစ်ပြီး ခဲစျေးတွေလည်း ထိုးကျနေတယ်လို့ ခဲကျင်းပိုင်ရှင် အမျိုးသမီးတဦးက ပြောပါတယ်။
“ခဲကမဝယ်ကြတော့ စိတ်ဓာတ်တောင်ကျတယ်။ ပိုက်ဆံအခံရှိတဲ့ လူလောက်ပဲဝယ်တာ။ ဒါတောင်စျေးမရဘူးအရင်လို။ အခုက ဝယ်လက်တွေ တော်တော်လေးနားလိုက်ကြပြီ။ ခဲကောင်းမှ တစ်သိန်းခွဲလောက်ပဲရတော့တယ်။ ဘာမှမတန်တော့ဘူးလုပ်စားရတာ။ ရတာနဲ့ပြန်ထွက်တာနဲ့ မကာမိတော့ဘူး” လို့ သူက ပြောပါတယ်။
ခဲဝယ်လိုအား ကျဆင်းတာ ၊ ခဲ ဝယ်ယူမှုရပ်နားလိုက်တဲ့ အကြောင်းရင်းကို မသိရဘူးလို့လည်း သူက ဆိုပါတယ်။ မော်ချီးဒေသက ခဲတွေကို တရုတ်ပြည်က လုပ်ငန်းရှင်တွေ အဓိက ဝယ်ယူကြတာဖြစ်ပါတယ်။
“ အမတို့ဆို ဥပမာ ခဲကျင်းလုပ်ဖို့ဆို ကြိုငွေထုတ်ရတယ်လေး။ ပွဲစားဆီမှာ။ ပွဲစားက ပိုက်ဆံမထုတ်ပေးဘူးဆို အလုပ်က ဆက်လုပ်လို့မရတော့ဘူး အဲလိုဖြစ်သွားတယ်လေး။ အခုက ပွဲစားတွေက အကုန်နီးပါးလောက် နားထားကြတယ်။ ခဲဝယ်တာ။ သူတို့က ပိုက်ဆံထုတ်ပေးမှ ကိုယ်က အလုပ်လုပ်လို့ရ၊ အလုပ်လုပ်မှ ခဲထွက်တယ်ဆိုတော့လေး။ သူတို့မထုတ်ပေးတော့ လုပ်ရတာသိပ်အဆင်မပြေတော့ဘူး” လို့ အဆိုပါ ခဲကျင်းပိုင်ရှင် အမျိုးသမီးတဦးက ဆက်ပြောပါတယ်။
တဖက်မှာလည်း ခဲကျင်းလုပ်ငန်းတွေမှာ အလုပ်သမားတချို့နေရပ်ပြန်ကြတဲ့အတွက် လုပ်ငန်းတွင်း အကြပ်အတည်းဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
မော်ချီးခဲသတ္တုတွင်းကို အမှီပြုလုပ်ကိုင်နေတဲ့ ကျင်းလုပ်သားတွေ၊ ခဲအရောင်းအဝယ်သမားတွေက အဓိက အသက်မွေးဝမ်းကြောင်း ပြုနေကြတာဖြစ်ပြီး ခဲဈေးကျဆင်းတာက စားဝတ်နေရေးကို ထိခိုက်စေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။





